စာပေညီလာခံကို လွတ်လပ်စွာရပ်တည်နေတဲ့ စာပေအဖွဲ့အစည်း(၁၀)ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ၂၀၁၇ ခုနှစ်ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီညီလာခံမှာ စာပေလောကသားများရဲ့ အခက်အခဲတွေထဲက စာဖတ်နှုန်းကျဆင်း နေတာတွေ၊ အမျိုးသားစာပေဆုရွေးချယ်ရေးကိစ္စတွေ၊ စာပေဆုကြေးပမာဏတွေ၊ စာအုပ်ပို့ဆောင်ရေး ကဏ္ဍတွေ၊ အခွန်ကိစ္စတွေနဲ့ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကဏ္ဍတွေကို လွတ်လပ်စွာ ထည့်သွင်းဆွေးနွေး သွားမယ်လို့ ဇူလိုင်လ(၆)ရက်က ရန်ကုန်မြို့ကုန်သည်လမ်းက စာပေဗိမာန် အဆောက်အဦမှာ ပြုလုပ်တဲ့ စာပေညီလာခံ(၂၀၁၇) သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။
 
ညီလာခံကို ၃ရက်ကျင်းပမှာဖြစ်ပြီး ပထမနေ့နဲ့ဒုတိယနေ့တွေမှာ စာပေအဖွဲ့အစည်း အသီးသီးက တာဝန်ယူထားတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေပြုလုပ်သွားမယ်လို့သိရပါတယ်။ နောက်ဆုံးနေ့ ညီလာခံမှာတော့ ဆွေးနွေးပွဲတွေက ရရှိလာတဲ့ ရလဒ်တွေကိုတင်သွင်းမှာဖြစ်တယ်လို့ ညီလာခံလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
 
စာပေညီလာခံ ၂၀၁၇ ကို လွတ်လပ်တဲ့စာပေအဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ်္ဂ၊ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ၊ မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်း၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း၊ PEN Myanmar ၊ မြန်မာနိုင်ငံ ဘာသာပြန်စာပေကွန်ရက်၊ မြန်မာနိုင်ငံစာရေးဆရာကလပ်၊ မြန်မာနိုင်ငံထုတ်ဝေဖြန့်ချိသူများအသင်း၊ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းတို့ကပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။ ညီလာခံကို တက်ရောက် လိုတဲ့ စာပေအနုပညာရှင်တွေအနေနဲ့ ရန်ကုန်မြို့သံဈေးရှိ Myanmar Book Plaza  မှာ ညီလာခံ ကျင်းပရေး ရုံးခန်းဖွင့်လှစ်ထားပြီး မည်သူမဆို အမည်စာရင်းမှတ်ပုံတင်ပြီး တက်ရောက် နိုင်တယ်လို့ သိရပါတယ်။ 
 
 

Related News