လှိုင်မြို့နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာစာဂုဏ်ထူး ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူ (၂၄)ဦးကို လှိုင်ဗုဒ္ဓစာပေအဖွဲ့နဲ့ မြန်မာစာချစ်သူများအဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင်လ ၂၃ရက်က လှိုင်မြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှာ ဂုဏ်ပြုပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ လှိုင်ဗုဒ္ဓစာပေအဖွဲ့အနေနဲ့ မြန်မာစာပေကို ပိုမိုအလေးနက်ထားဆောင်ရွက်လာကြစေရန်နဲ့ မြန်မာစာပေကိုပိုမိုချစ်မြတ်နိုးလာစေရန် ရည်ရွယ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာစာဂုဏ်ထူးရရှိခဲ့တဲ့ဂုဏ်ထူးရှင်တွေကို ပထမဆုံးအကြိမ် ဂုဏ်ပြုပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်အတွင်းမှာ မနှစ်က မြန်မာစာဂုဏ်ထူးရှင် (၇၁)ဦးရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၂၄ဦးသာဂုဏ်ထူးရရှိခဲ့ပါတယ်။ အခုဂုဏ်ထူးရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေက အခြေခံပညာအထက်တန်းကျောင်းနဲ့ ထခွဲကျောင်းတွေအပြင် ပြင်ပဖြေမှ ကျောင်းသားကျောင်းသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါဂုဏ်ပြုပွဲကို လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် လှိုင်မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ မြန်မာစာဂုဏ်ထူးရှင်များ တက်ရောက်ကြပြီး ဖျော်ဖြေရေးအစီအစဉ်များနဲ့ညစာစားပွဲကျင်းပပြီးဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။

လှိုင်ဗုဒ္ဓစာပေအဖွဲ့အနေနဲ့  လှိုင်ဗုဒ္ဓစာပေဆုနှင့်ပညာရည်ချွန်ဆုပေးပွဲတွေကို နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး လာမယ့်၂၀၁၈ခုနှစ်မှာလည်း (၁၀)ကြိမ်မြောက်ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

 

 

Related News