မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာန နှင့်မြန်မာနိုင်ငံဂျပန်ပြန် ပညာတော်သင်ဟောင်းအသင်း MAJA (မာဂျာ)တို့မှ စီစဉ်ပြုလုပ်တဲ့ ဂျပန်စာအရည်အချင်း စစ်စာမေးပွဲကို ဒီဇင်ဘာလ(၃)ရက်က ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်၊ကောလိပ်တွေနဲ့ အခြေခံပညာ ကျောင်းများ အပါအ၀င်နေရာ(၁၅)နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
 
စာမေးပွဲကို Vocabulary Grammar Listening ဆိုပြီးအပိုင်း(၃)ပိုင်းခွဲခြားပြီး စုစုပေါင်းကြာချိန် (၃)နာရီကြာ စစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မေးခွန်းတွေကိုတော့ ဂျပန်နိုင်ငံဖောင်ဒေးရှင်းက မေးတာဖြစ်ပြီး အဖြေလွှာတွေကိုလည်း ဂျပန်နိုင်ငံမှာစစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။
 
အခုလိုဂျပန်စာအရည်အချင်းစစ်စာမေးပွဲကို ၁၉၉၉ခုနှစ်ထဲက မြန်မာနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီးအဲ့ဒီအချိန်က ၀င်ရောက်ဖြေဆိုသူဦးရေ(၃၀၀၀)ခန့်သာရှိခဲ့ပြီး ဒီ၂၀၁၇ခုနှစ်မှာတော့ ၀င်ရောက်ဖြေဆိုသူဦးရေ (၁၇၀၀၀)ရှိတယ်လို့ သိရပါတယ်။
 
စာမေးပွဲကိုအခြေခံအဆင့် (N5) ကနေ အမြင့်ဆုံးအဆင့် (N1)  အထိပြုလုပ်တာဖြစ်တယ်လို့လည်းသိရပါတယ်။ ၀င်ရောက်ဖြေဆိုသူတွေဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းကသာမက မြန်မာနိုင်ငံအနှံ့အပြားက ၀င်ရောက်ဖြေဆိုသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
ဒီစာမေးပွဲဖြေဆိုအောင်မြင်သူတွေဟာ ဂျပန်နိုင်ငံမှာလည်းသွားရောက်အလုပ်လုပ်ကိုင်နိုင်ပြီး ပြည်တွင်းကဂျပန်ကုမ္ပဏီများမှာလည်းအလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုဖြေဆိုထားတဲ့ဂျပန်စာအရည်အချင်းစစ်စာမေးပွဲရဲ့အောင်စာရင်းကို ဖေဖော်ဝါရီလမှာ ထုတ်ပြန်မှာဖြစ်ပြီးတော့ အောင်လက်မှတ်တွေကိုလည်း ဂျပန်နိုင်ငံဖောင်ဒေးရှင်းကပဲ ထုတ်ပြန်မှာဖြစ်တယ်လို့သိရပါတယ်။ 
 
 

Related News