ရွှေဆံပင်ဆရာတော်ဦးစီးပြီးတည်ထောင်တဲ့ ရွှေဆံပင်ပညာဒါနစာသင်ကျောင်းမှာ နွေရာသီ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် လူငယ်အထူးသင်တန်းဖွင့်လှစ်သင်ကြားနေတာဖြစ်ပါတယ်။ 
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာရှိတဲ့ အလောင်းတော်ကဿပ သွားရာလမ်းပိုင်းမှာ လမ်းတံတားများပြုပြင် တည်ဆောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ရွှေဆံပင်ဆရာတော်ကြီး ဦးစီးတည်ထောင်ထားတဲ့ ရွှေဆံပင်ပညာဒါနကျောင်းမှာ နွေရာသီယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စာနှင့် လူငယ်အထူးသင်တန်း ကိုမတ်လ(၁၀)ရက်မှ (၂၉)ရက်ထိ ရက်(၂၀)ကြာ ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။ အခုလိုနွေရာသီသင်တန်း ဖွင့်လှစ်သင်ကြား ပေးတာက ကျောင်းသား၊ ကျောင်းသူတွေကို အင်္ဂလိပ်စာစွမ်းရည်တိုးတက်စေပြီး ဘာသာတရား ကိုင်းရှိုင်းလာစေဖို့ ရည်ရွယ်ပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ရွှေဆံပင်ဆရာတော်ကြီးက ကျောင်းနေဖို့အခက်ခဲရှိနေတဲ့ကလေးတွေကို (၂၀၁၂)ခုနှစ်က စတင်ကာ အခုလက်ရှိတံတားဆောက်တဲ့နေရာမှာပဲ ယာယီတဲထိုးပြီး လမ်းဘေးစာသင်ဝိုင်းအနေနဲ့ စတင်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ရွှေဆံပင်ပညာဒါနကျောင်းမှာ နှစ်စဉ်အဋ္ဌမတန်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူဦးရေ (၂၅၀) ခန့် တက်ရောက်ပညာသင်ကြား နေတာဖြစ်ပြီး အခုနှစ်နွေရာသီလူငယ်အထူးသင်တန်းမှာ ကျောင်းသား၊ကျောင်းသူဦးရေ (၅၀၀)ဦး တက်ရောက်သင်ကြားနေတာလည်းဖြစ်ပါတယ်။

နွေရာသီလူငယ်အထူးသင်တန်းမှာ အင်္ဂလိပ်စာ သင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းတွေအပြင် သိုင်းသင်တန်းတွေကို ဆရာ၊ဆရာမအယောက် (၂၀)က သင်ကြားပေးနေတာဖြစ်ပါတယ်။ရွှေဆံပင်ပညာဒါနကျောင်းမှာ ပညာရေးနဲ့ ဘာသာရေးအပြင် ပန်းချီ၊ အင်္ဂလိပ်စာ၊ ကိုယ်ခံပညာသင်တန်းတွေကိုပါ သင်ကြားပေးနေတာဖြစ်ပါတယ်။တက္ကသိုလ်ဝင်တန်းအောင်မြင်မှု ရာခိုင်နှုန်းအနေနဲ့ တစ်နှစ်ကို ၄၀ရာခိုင်နှုန်းကျော် ထိရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းဖြေဆိုသူ (၈၁)ယောက်အနက် (၅၁)ယောက်ထိအောင်မြင်မှုရှိခဲ့တယ်လို့ သိရပါတယ်။

 

 

Related News