Peace corps Myanmar ရဲ့ အစီအစဉ်နဲ့ ဒုတိယအကြိမ် လာရောက်တဲ့ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်းတွေက မွန်ပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်စာ သွားရောက် သင်ကြားပေးမယ်လို့ ဧပြီလငါးရက်က ကရ၀ိတ်နန်းတော်မှာ ပြုလုပ်တဲ့ စေတနာ့ဝန်ထမ်း ကျမ်းသစ္စာကျိန်ဆိုပွဲမှ သိရပါတယ်။  မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တဲ့ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်းတွေထဲမှ တစ်ဆယ့်နှစ်ယောက်ကို မွန်ပြည်နယ်ရှိ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေကို စေလွှတ်သင်ကြားစေ မှာဖြစ်တယ်လို့ ပိစ်ကော့စ်မြန်မာအဖွဲ့ရဲ့ ဒါရိုက်တာကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ယခုလို စေတနာ့ဝန်ထမ်းဆယ့်ငါးယောက်လာရောက်ခဲ့ပြီး ရန်ကုန်နဲ့ပဲခူးတိုင်းမှာ အင်္ဂလိပ်စာသင်ကြားရေး တာဝန်ယူနေဆဲဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ရန်ကုန်နဲ့ပဲခူးအပြင် မွန်ပြည်နယ်ကိုပါ  အင်္ဂလိပ်စာ သင်ကြားပေးဖို့ ရွေးချယ်ခဲ့ပြီး ပြည်နယ်အတွင်းရှိ ကျောင်း ၁၂ ကျောင်းမှာ တစ်ကျောင်းကို စေတနာ့ဝန်ထမ်း တစ်ယောက်နှုန်းနဲ့ ခွဲတမ်းချပေးသွားမှာဖြစ်ပါတယ်။ 

ဘာသာပြန်- တစ်နှစ်ပြီး တစ်နှစ် နေရာတွေ တိုးချဲ့သင်ပေးဖို့ ကျွန်မတို့ ဆန္ဒရှိပါတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဒီသင်ကြားရေးကိစ္စနဲ့ပက်သက်ပြီး အရမ်းကို အားတက်သရော ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့က စေတနာ့ဝန်ထမ်း ၁၂ ယောက်လွှတ်ပေးပြီး သင်ကြားရေးတွေ လုပ်ခိုင်းမှာပါ။ စေတနာ့ဝန်ထမ်းတွေက တာဝန်ကျတဲ့ စာသင်ကျောင်းမှာ နှစ်နှစ်တာ သင်ကြားပေးရမှာဖြစ်ပြီး ဒေသခံ အင်္ဂလိပ်စာဆရာမတွေနဲ့အတူ တွဲဖက်သင်ကြားရမှာဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေက တစ်ရက်ကို စာသင်ချိန် နှစ်ချိန် သင်ကြားပေးရမှာဖြစ်ပြီး ကလေးဗဟိုပြု သင်ကြားရေးစနစ်နဲ့ သင်ကြားသွားမှာပါ။ ဒီလို အင်္ဂလိပ်စာသင်ကြားရေးတွေ လုပ်နိုင်ဖို့ စေတနာ့ဝန်ထမ်းတွေကို နှစ်လခွဲကြာ သင်တန်းပေးခဲ့ရပြီး တွဲဖက်သင်မယ့် ဒေသခံဆရာမတွေကိုလည်း ငါးရက်တာ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ပိစ်ကော့ရဲ့အစီအစဉ်က မြန်မာနိုင်ငံက ကလေးတွေရဲ့ အင်္ဂလိပ်စာ စွမ်းရည် တိုးတက်လာစေဖို့အပြင် တွဲဖက်သင်ရမယ့် အင်္ဂလိပ်စာဆရာမတွေရဲ့ ဘာသာစကား အရည်အချင်းကို ပါ တိုးတက်စေဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းမန်နေဂျာကပြောပါတယ်။ပိစ်ကော့စ် မြန်မာအဖွဲ့က အမေရိကန်နိုင်ငံကနေ စေတနာ့ဝန်ထမ်းများခေါ်ယူပြီး ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရေးတွေ ပြုလုပ်ပေးနေတာပါ။ ယခုအချိန်အထိ ပိစ်ကော့စ် မြန်မာရဲ့ အဖွဲ့ကနေ ပြည်တွင်းမှ ကျောင်းသား ၇၈၀၀ ကျော်ကို အင်္ဂလိပ်စာ ရေးဖတ်ပြောနိုင်အောင် သင်ကြားပေးခဲ့ပြီဖြစ်ပါတယ်။ 

 

 

Related News