မသန်စွမ်းတွေအတွက် နည်းပညာသတင်းအချက်အလက်ဆက်သွယ်ရေးပိုင်းနဲ့ ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်စေရန်အတွက် နည်းပညာသင်တန်းကို ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်မှာရှိတဲ့ သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာဝင်းအတွင်းမှာ ဖွင့်လှစ်ထားပါတယ်။ ကိုယ်လက်အင်္ဂါချို့ယွင်းသူတစ်ဦးဖြစ်တဲ့ ကိုထွဋ်ကိုကိုက သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာသင်တန်းကို နေပြည်တော်ကနေ လာရောက်တက်ရောက်သူဖြစ်ပါတယ်။ သူက (၂၀၀၈)ခုနှစ်က  ပြည်ပနိုင်ငံမှာအလုပ်အကိုင်သွားရောက်လုပ်ကိုင်စဉ် ဆိုယ်ကယ်မတော်တဆမှုဖြစ်ပွားခဲ့မှုကြောင့်  ကိုယ်လက်အင်္ဂါချို့ယွင်းပြီး မသန်စွမ်းတစ်ဦးဖြစ်ခဲ့တာပါ။

သူ့အနေနဲ့ အခုလို မသန်စွမ်းတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ နည်းပညာသင်တန်းကို ဆိုရှယ်မီဒီယာကနေတွေ့ရှိပြီး လျှောက်လွှာတင်ကာ လာတက်ဖြစ်တာဖြစ်ပါတယ်။ အခုလိုမသန်စွမ်းတွေအတွက်ဖွင့်လှစ်ပေးထားတဲ့နည်းပညာသင်တန်းကိုတက်ရောက်ခွင့်ရခဲ့တဲ့အတွက် နည်းပညာအပိုင်းနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလာကာ ဒီသင်တန်းဆင်းရင် ဘ၀တူမသန်စွမ်းတွေအတွက် နည်းပညာအပိုင်းတွေကို ပြန်လည်မျှဝေသင်ကြားပေးသွားမယ်လို့ သူကပြောပါတယ်။

မသန်စွမ်းတွေအတွက် နည်းပညာသင်တန်းကိုဖွင့်လှစ်ပေးထားတဲ့အတွက် နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အလုပ်ကိုင်အခွင့်အလမ်းတွေ အရင်ကထက် ပိုမိုရရှိလာမှာဖြစ်တယ်လို့ သင်တန်းတက်ရောက်နေတဲ့ မအိအိဖြူက ပြောပါတယ်။ICT Training Center မှာ အခြေခံ နည်းပညာအပိုင်းတွေဖြစ်တဲ့ အခြေခံကွန်ပျူတာ သင်တန်းများ၊ ရုပ်/သံတည်းဖြတ်မှုသင်တန်းများ၊ကွန်ရက်ပုံစံ ထုတ်လုပ်ခြင်းဆိုင်ရာ သင်တန်းများ၊ဖုန်းပရိုဂရမ် တီထွင်မှုဆိုင်ရာ အမျိုးအစားတွေကို လေ့ကျင့်သင်ကြာပေးမှာဖြစ်ပါတယ်။ မသန်စွမ်းအမျိုးအစား(၃)ခုလုံးပါဝင်တဲ့အတွက်မျက်မမြင်မသန်စွမ်းတွေအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေ၊အကြားအာရုံမသန်စွမ်းတွေအတွက်လက်သင်္ကေတပြ ဘာသာစကား ဆရာဆရာမတွေထည့်သွင်းရန်အတွက်လည်းစီစဉ်နေတယ်လို့သိရပါတယ်။

ICT Training Center ကို ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းက နည်းပညာအပိုင်းနဲ့ Center ဆောက်လုပ်တဲ့အပိုင်းတွေကို  ပံ့ပိုးပေးထားတာဖြစ်ပြီး ဒီစင်တာကို နီပွန်ဖောင်ဒေးရှင်းက (၅) နှစ်တာကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့်နည်းပညာသင်ကြားလေ့ကျင့်ရေးစင်တာ (ICT Training Center) က ပြည်တွင်းမှာ မသန်စွမ်းတွေအတွက် ပထမဆုံးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီသင်တန်းမှာအကြားအာရုံချို့ယွင်းသူ(၃)ဦး၊အမြင်အာရုံချို့ယွင်းသူ(၃)ဦး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ(၅)ဦးနဲ့ သာမန်သင်တန်းသား(၃)ဦးစုစုပေါင်း (၁၄)ဦးက တက်ရောက်သင်ကြားနေတာဖြစ်ပါတယ်။

 

 

Related News