CVT သက်မွေးမှုအကြို သင်တန်းကျောင်းမှာ အသက် (၁၃) နှစ်ရှိပြီး မူလတန်းပညာပြီးဆုံးကာတစ်ပိုင်းတစနဲ့ကျောင်းထွက်ခဲ့ရတဲ့ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးနေတာပါ။ အရင်နှစ်တွေက ပထမနှစ်အတွက်သင်တန်းသားတွေကို အယောက် (၃၀) ခန့်သာခေါ်ယူခဲ့ပေမယ့် ဒီနှစ်မှာတော့ အယောက်(၇၀)အထိ တိုးမြှင့်ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ CVT သက်မွေးမှုအကြိုသင်တန်းကျောင်းကို ပြီးခဲ့တဲ့နှစ်တွေက မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှာ သင်ကြားပေးခဲ့ရာကနေ ဒီနှစ်မှာတော့ လှိုင်မြို့နယ် (၁၂) ရပ်ကွက် မင်းဓမ္မလမ်းရှိ ယခင် တော်ဝင်ရတနာဈေး အဆောက်အဦးမှာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာကြောင့် ကျောင်းသားဦးရေကိုလည်းပိုမိုလက်ခံနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သက်မွေးမှုအကြို သင်တန်းကျောင်းမှာကလေးငယ်တွေအတွက် မြန်မာ၊အင်္ဂလိပ် ၊သင်္ချာ စတဲ့ ဘာသာရပ်များအပြင် အခြေခံသက်မွေးမှုပညာတွေဖြစ်တဲ့ ချည်မျှင်၊အထည်နှင့် အချုပ်အလုပ်ပညာ၊ဖန်တီးမှုအတတ်ပညာ၊ အခြေခံပန်းချီပညာ၊ အခြေခံလက်သမားပညာများ၊ အခြေခံအားကစားနည်းအမျိုးမျိုးကိုပါ လေ့ကျင့် သင်ကြားပေးနေတယ် လို့သိရပါတယ်။ ဒီသင်တန်းကျောင်းမှာ တက်ရောက်တဲ့ကျောင်းသားလူငယ်တွေကို အခကြေးငွေတစ်စုံ တစ်ရာမယူတဲ့ အပြင် ကျောင်းသုံးစာရေးကိရိယာများ၊ ကျောင်းကို လာတဲ့လမ်းစရိတ်၊နေ့လည်စာအတွက် ဟင်းများကိုပါ အခမဲ့စီစဉ်ပေးတယ်လို့ သိရပါတယ်။

သင်တန်းကာလမှာ လေးနှစ် ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မနက်(၉)နာရီမှ ညနေ(၃)နာရီအထိ သင်ကြားပေးနေတာဖြစ်တယ်လို့သိရပါတယ်။  သင်တန်းကာလရဲ့ တတိယနှစ်နဲ့ နောက်ဆုံးနှစ်မှာတော့ မိမိဝါသနာပါရာ ပညာရပ်များကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ဟိုတယ်လုပ်ငန်း၊ လျှပ်စစ်၊ အထည်အလိပ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းနဲ့ လက်မှုလုပ်ငန်းများကိုရွေးချယ် သင်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလ လေးနှစ်ပြီးမြောက်သွားရင်တော့ လုပ်ငန်းခွင်များနဲ့ ချိတ်ဆက်ပေးသွားမှာဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရင်း မိမိရွေးချယ်ထားတဲ့ ပညာရပ်အတွက် လိုအပ်တဲ့သင်တန်းကိုလည်း CVT ရဲ့ သက်မွေးမှု အတတ်ပညာကျောင်းမှာ ထပ်မံတက်ရောက်နိုင်တယ်လို့  သိရပါတယ်။ CVT သက်မွေးမှုအကြိုသင်တန်းကျောင်းမှတန်းခွဲသစ်တွေကို နှစ်စဉ်မေလဆန်းတိုင်းဖွင့်လှစ်လျှက်ရှိပြီးတက်ရောက်လိုတဲ့ လူငယ်တွေအနေနဲ့ ၀င်ခွင့်လျှောက်လွှာတွေကို နှစ်စဉ်ဖေဖော်ဝါရီလထက်နောက်မကျဘဲ လှိုင်မြို့နယ် ၁၂ ရပ်ကွက်၊ မင်းဓမ္မလမ်း၊ အောင်ဇေယျာခန်းမအနီး ဖုန်းနံပတ် ၀၉၇၃၁၀၄၆၈၃၊၀၉၄၄၃၁၀၄၆၈၃ ကိုဆက်သွယ်ပြီး သင်တန်းအခမဲ့အပ်နိုင်တယ်လို့သိရပါတယ်။

 

 

 

Related News