စစ်ကိုင်းမြို့ သမဝါယမတက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေအတွက် လုပ်ငန်းခွင် အသိပညာပေးဆွေးနွေးဟောပြောပွဲကို မနေ့ကစက်တင်ဘာလ (၁) ရက်က သမဝါယမတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ကျောင်းသူတွေ အသိပညာ၊ဗဟုသုတတွေ တိုးပွားလာစေဖို့၊ စဉ်းစားတွေးခေါ်မှုတွေ ပိုမိုမြင့်မားလာစေဖို့နဲ့ ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်ရောက်ပါက အဆင်ပြေချော့မွေ့စေဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ပြောပါတယ်။

အသိပညာပေးဆွေးနွေးဟောပြောပွဲမှာ စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးမှ ဦးမြင့်ဇော်၊ ဦးရဲမြတ်သူ၊ ဦးနေမျိုးသန်းတင်၊ ဦးသူရိန်ငြိမ်းတို့က  ဘဝအတွေအကြုံတွေ၊ လုပ်ငန်းခွင်မှာ ကြိုတင်ပြင်ဆင်သင့်ပုံတွေ နဲ့ လုပ်ငန်းရွေးချယ်ရာမှာ စဉ်းစားရမယ့် အကြောင်းအရာတွေကို ဆွေးနွေးဟောပြောခဲ့တယ်လို့ သိရပါတယ်။ အခုလို အသိပညာပေးဆွေးနွေးပွဲတွေပြုလုပ်ပေးတာကြောင့်  လုပ်ငန်းခွင်ဝင်ရောက်ဖို့ ကြိုတင်ပြင်ဆင်သင့် တဲ့ အချက်တွေနဲ့  လုပ်ငန်းခွင်အတွ့အကြုံဗဟုသုတတွေရ တယ်လို့ ကျောင်းသား၊ကျောင်းသူတွေက ပြောပါတယ်။

သမဝါယမတက္ကသိုလ်(စစ်ကိုင်း)မှာ  ကျောင်းသား၊ကျောင်းသူ ၂၅၀၀ ကျော် ပညာသင်ကြားနေပြီး စီးပွားရေးသိပ္ပံဘွဲ့တွေဖြစ်တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ နဲ့ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ စတဲ့ဘွဲ့တွေအတွက်  သင်ကြားပေးနေတယ်လို့သိရပါတယ်။မန္တလေးသတင်းအဖွဲ့မှခိုင်ဇာဝင်းမှပေးပို့ထားတာဖြစ်ပါတယ်။

 

 

Related News