တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ (၂၀၁၉)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ ကို ဒီကနေ့ မတ်လ (၆)ရက်မှာစတင်ဖြေဆိုနေကြပြီ ဖြစ်ပါတယ်။မတ်လ(၆)ရက်ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုနေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံးကတာဝန်ရှိသူတွေက စာမေးပွဲဖြေဆိုနေမှုအခြေအနေတွေကို လိုက်လံကြည့်ရူခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတွေက ကျောင်းသား၊ကျောင်းသူ (၅)ရာနီးပါးဝင်ရောက်ဖြေဆိုကြတဲ့ မြို့နယ်တွေဖြစ်တဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ စတဲ့မြို့နယ် တွေကိုလိုက်လံကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။

စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်းမှာတော့ ကျောင်းပြင်ပမှာရှိတဲ့လုံခြုံရေးအပိုင်းကိုတော့ မီးသတ်ဦးစီးဌာန၊ ယာဉ်ထိန်းရဲနဲ့ အရေးပေါ်ဖြစ်ပေါ်ခဲ့ရင် ကြက်ခြေနီတပ်ဖွဲ့တွေကိုပါ ထားရှိ ထားတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအတွက် မေးခွန်းသိမ်းဆည်းမှုကို မြန်မာ့စီးပွားရေးဘဏ်မှာသိမ်းဆည်းထားတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်ကြောကြပ်တည်းမှုတွေရှိတဲ့အတွက် မေးခွန်းထုတ် ယူမှုကို မနက် (၆)နာရီကတည်းက မြို့နယ်ကြီးကြပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့တွေနဲ့ထုတ်ယူခဲ့တာဖြစ်ပြီး စာစစ်ဌာနတွေဆီကို မနက် (၇)နာရီခွဲမှာ အရောက်ပို့ ပေးရတာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ဗိုလ်တထောင်မြို့နယ်အတွင်းမှာတော့ အ.ထ.က (၆) ဗိုလ်တထောင်မြို့နယ်နဲ့ အ.ထ.က(၄) ဗိုလ်တထောင်မြို့နယ်တို့မှာ စာစစ်ဌာနတွေကို ဖွင့်လှစ်ထားတယ် လို့ သိရပါတယ်။

စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျန်းမာရေးချို့ယွင်းမှုတွေဖြစ်ပေါ်လာပါက အရေးပေါ်ကုသမှုပေးနိုင်မယ့် ကျန်းမာရေးဆေးပေးခန်းတွေကို စာစစ်ဌာနတစ်ခုချင်းစီမှာ ထားရှိပေးထားတယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ စာစစ်ဌာနပေါင်း (၂၂၇)ခုရှိပြီး တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူဦးရေ ၁သိန်း ၂ သောင်း ၉ ထောင်ကျော် ၀င်ရောက် ဖြေဆိုနေတာဖြစ်ပါတယ်။ ဖြေဆိုသူဦးရေ မနှစ်ကထက် (၈)ထောင်ကျော်မြှင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာတော့ မသန်စွမ်းသူဦးရေ (၇၀)ကျော် ၀င်ရောက်ဖြေဆိုကြမှာဖြစ်ပြီး ဆေးရုံတွေမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အလုံမြို့နယ်မှာရှိတဲ့ အမျိုးသမီးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ(ဝေဘာဂီဆေးရုံကြီး)တို့မှာလည်း စာစစ်ဌာနတွေ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

 

Related News