မြောက်ဥက္ကလာပမီးဘေးသင့်အထဲတွင်ပါဝင်ခဲ့သည့် တက္ကသိုလ်ဝင်တန်းကိုဝင်ရောက်ဖြေဆိုခဲ့သူကျောင်းသား(၃)ဦးနဲ့ ကျောင်းသူ(၁)ဦးတို့က သက်ဆိုင်ဌာနတွေရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ခြောက်ဘာသာလုံးကို ၀င်ရောက်ဖြေဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။မတ်လ(၁၀)ရက် မနက်(၈)နာရီ ၄၅မိနစ်ဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ် ၊ (ဆ)ရပ်ကွက် မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ကရ၀ိတ်(၂)လမ်းက နေအိမ်(၈)လုံး အပြင် နောက်ဖက်လမ်းဖြစ်တဲ့ ကရ၀ိတ်(၁)လမ်းက နေအိမ်(၆)လုံး စုစုပေါင်း နေအိမ်(၁၄)လုံး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။အခုလို မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့တဲ့ပြည်သူ(၁၅၆)ဦးရှိခဲ့ပြီး ဒီလိုမီးဘေးသင့်ပြည်သူတွေ အထဲမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူ(၄)ဦးပါဝင်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့တဲ့ပြည်သူတွေကို (ဆ)ရပ်ကွက် ဓမ္မပါလဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက အစားအသောက်တွေနဲ့ ငွေကြေးထောက်ပံ့မှုတွေကိုပါ လာရောက်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မီးဘေးသင့်ပြည်သူတွေထဲမှာပါဝင်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသူတွေကို စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်းမှာ အခက်အခဲမရှိဘဲ ဆက်လက်ဖြေဆိုနိုင်အောင် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး စာရွက်စာတမ်းတွေနဲ့ သင်ကြားကိစ္စရပ်တွေကိုပါ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။မြောက်ဥက္ကလာပ မီးလောင်မှုရဲ့ မီးဘေးသင့်ပြည်သူတွေထဲမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသူ(၄)ဦးအပြင် အခြေခံပညာသင်ကြားနေသူ(၂၅)ဦးနဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ(၂)ဦး တို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။

 

 

Related News