၂၀၁၉- ၂၀၂၀ပညာသင်နှစ်မှ စတင်ပြီး အခြေခံပညာအတန်းတွေရဲ့ ပညာသင်ကာလကို တစ်လတိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ဧပြီလ(၂၁)ရက် က ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နဲ့ ADB-EYE Project တို့ ပူးပေါင်းဆောင်ရွက်တဲ့ (Grade-6 )သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲ၊ သင်တန်းဖွင့်ပွဲအခမ်းအနားကနေ သိရတာဖြစ်ပါတယ်။၂၀၁၉- ၂၀၂၀ပညာသင်နှစ်မှ စတင်ပြီး အစိုးရစစ်အတန်းတွေဖြစ်တဲ့ Grade 5,Grade 9နဲ့ Grade 11ကလွဲပြီး ကျန်အတန်းတွေအားလုံး ဇွန်လကနေ မတ်လ(၃၁)ရက်အထိ ကျောင်းတက်ရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ယခင်က အခြေခံပညာအတန်းတွေရဲ့ ပညာသင်ကာလကို ဇွန်လကနေ ဖေဖော်ဝါရီလအထိသာ သတ်မှတ်ပေမယ့်လည်း အခုလို မတ်လ(၃၁)ရက်အထိ ကျောင်းတက်ဖို့ဆောင်ရွက်တာဟာ စာသင်ချိန်ပြောင်းလဲတာမဟုတ်ဘဲ မူလသတ်မှတ်ထားတဲ့ ကာလအတိုင်း အပြည့်အ၀ကျောင်းတက်ဖို့ စီစဉ်တာဖြစ်တယ်လို့လည်း သိရပါတယ်။အခုလို ပညာသင်ကာလကို မတ်လ(၃၁)ရက်ထိ သတ်မှတ်လိုက်တာကြောင့် အခြေခံပညာအတန်းတွေရဲ့ စာမေးပွဲစစ်ဆေးမှုကို ပထမအကြိမ် အခန်းဆုံးစစ်ဆေးတာကို ဇူလိုင်(သို့မဟုတ်) သြဂုတ်မှာ တစ်ကြိမ်၊ ​အောက်တိုဘာလမှာ ပထမနှစ်ဝက်စစ်ဆေးတာ တစ်ကြိမ်၊ ဒီဇင်ဘာမှာ အခန်းဆုံးစစ်ဆေးတာ တစ်ကြိမ်နဲ့ နှစ်ဆုံးစစ်ဆေးတာကို မတ်လ နောက်ဆုံးပတ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာလည်း ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် မူလတန်းကိုတော့ JICA မှ ကူညီထောက်ပံ့ပေးတားပြီး အလယ်တန်းနဲ့ အထက်တန်း ကိုတော့ ADB EYE Project က ချေးငွေရယူပြီးဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

Related News