ကလေးငယ်များ ရာနှုန်းပြည့်ကျောင်းအပ်ရေးက မိမိတို့နိုင်ငံအနာဂတ်အတွက် အလွန်အရေးကြီးတယ်လို့ မေလ(၂၇)ရက်က မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့တဲ့၂၀၁၉-၂၀၂၀ ပညာသင်နှစ် မန္တလေးတိုင်း ဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။ ကလေးငယ်များရာနှုန်းပြည့်ကျောင်းအပ်ရေးက မိမိတို့နိုင်ငံအနာဂတ်အတွက် အလွန်အရေးကြီးပြီး နိုင်ငံသားကောင်းများ မွေးထုတ်ပေးဖို့ဟာ ဆရာ/ဆရာမတွေမှာ အဓိကတာဝန်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။ ။ဒါ့အပြင် KG+12 ပညာရေးဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတွေဟာ (၁၃)နှစ်တိတိ လမ်းမှန်လျှောက်ဖို့ ဆရာ/ဆရာမတွေအနေနဲ့ ကျောင်းသူ/ကျောင်းသားတွေကို နိုင်ငံသားကောင်းတွေ ဖြစ်လာစေဖို့ လေ့ကျင့်ပျိုးထောင်ပေးရမယ်လို့ ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။ကျောင်းအပ်နှံရေးနေ့ရက်သတ္တပတ်ကို မေလ(၂၅)ရက်မှ(၃၁)ရက်ထိ သတ်မှတ်ထားပြီး ဇွန်လ(၃)ရက်မှာတော့ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှာဖြစ်ပါတယ်။

ကျောင်းစတင်အပ်နှံတဲ့ KGတန်းမှ စတုတ္ထတန်းအထိ မူလတန်းအဆင့် ကျောင်းသာ/ကျောင်းသူတွေကို ပြဋ္ဌာန်းစာအုပ်(၁)စုံစီနဲ့ ဗလာစာအုပ်(၁၂)အုပ်စီ၊ပဉ္စမတန်းမှ ဒဿမတန်းအထိကိုတော့ ပြဋ္ဌာန်းစာအုပ်(၁)စုံစီ အခမဲ့ပေးသွားမယ်လို့ သိရပါတယ်။အခြေခံပညာရေးကဏ္ဍမှာ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်နဲ့ဆောင်ရွက်ပေးနေပြီး ကျောင်းအပ်နှံရာမှာ ငွေကြေးလုံးဝမကောက်ခံဖို့ကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များထုတ်ပြန်ထားတယ်လို့လည်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးမှာ လက်ရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊အထက်တန်းအဆင့်ကျောင်းအပ်နှံပြီးသူဦးရေ ၄သိန်းခွဲဝန်းကျင်ရှိတယ်လို့သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကိုမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပညာရေးဌာနမှတာဝန်ရှိသူများ၊ဆရာ/ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနဲ့ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြပါတယ်။

 

 

Related News