မျက်စိအမြင်အာရုံချို့တဲ့သူတွေကို ပညာသင်ကြားပေးနေတဲ့ ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)မှာ အခု(၂၀၁၉-၂၀၂၀)ပညာသင် နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ကျော်ကို လက်ခံသင်ကြားပေးနေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာယကို(၁၉၇၅)ခုနှစ်မှာတည်ထောင်ခဲ့ပြီး (၁၉၇၉)ခုနှစ်မှာ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းရှိ အမြင်အာရုံချို့တဲ့သူ(၉)ဦးကို ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)မှာ ပညာစတင် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)ကို အမြင်အာရုံချို့တဲ့သူတွေကို ကူညီစောင့်ရှောက်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မတော်တဆမှုကြောင့် အမြင်အာရုံချို့တဲ့သူတစ်ဦးဖြစ်ခဲ့ရတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးဦးသိန်းလွင်နဲ့ ကြိမ်ဝါးလက်မှု ကျောင်းသားနှစ်ဦးတို့က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကျောင်းအဖြစ် နေရာအတည်တကျမဖြစ်သေးခင် သစ်ပင်တွေ အောက်မှာ သစ်သားကြမ်းခင်း၊ ထရံကာ၊ ဓနိမိုးတို့နဲ့ စတင်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒိအချိန်က မူလတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပေးခဲ့ပြီး နောက်ပိုင်းမှာ ပညာရေးစနစ်ပြောင်းလဲမှုအရ(၂၀၀၆)ခုနှစ်ကစလို့ အစိုးရကျောင်း တွေမှာ တက်ရောက်ပညာ သင်ကြားခွင့်တွေ ရရှိခဲ့တယ်လို့ ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)ရှိ တာဝန်ခံ ကျောင်းအုပ် ဒေါ်ဇီးနာဒွန်းက ပြောပါတယ်။

ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)မှာ အခုပညာသင်နှစ်အတွက် မူလတန်းကျောင်းသားကျောင်းသူ(၆၃)ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၂၇)ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁၁)ဦး၊ တက္ကသိုလ် တက်ရောက်ပညာသင်ကြား နေသူ(၁၈)ဦးကိုတော့ သက်ဆိုင်ရာအစိုးရကျောင်းတွေ၊ တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားခွင့် ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်မှုကျောင်းသားကျောင်းသူ(၄၀)ဦးရှိပြီး စုစုပေါင်း(၁၅၉)ဦးကို လက်ခံပညာသင်ကြားခွင့်ပေးထား တယ်လို့ သိရပါတယ်။ သင်ရိုးညွန်းတန်းတွေအနေနဲ့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ သင်ရိုးညွန်းတန်းတွေအတိုင်း သင်ကြားပေးနေပြီး မျက်စိအမြင်အာရုံချို့တဲ့ သူတွေဖြစ်တာကြောင့် မျက်မမြင်သင်္ချာသုံးနည်း၊ နေ့စဉ်လှုပ်ရှားသွားလာ လမ်းလျှောက်နည်း၊ နေ့စဉ်ဘ၀တွက်တာ ကျွမ်းကျင်မှု၊ ကာယ၊ ပန်းချီအနုပညာ၊ ဂီတတွေကို သင်ကြားပေးနေပါတယ်။

မျက်စိအမြင်အာရုံချို့တဲ့သူတွေကို သင်ကြားရတာဖြစ်တာ ကြောင့် အခြေခံစာရေးနည်းကစပြီး သင်ကြားပေးနေတယ်လို့ ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)ရှိ မူလတန်းပြ ဒေါ်မာလာတင်က ပြောပါတယ်။ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)မှာ နှစ်စဉ်အစိုးရကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားပြီး စာမေးပွဲဖြေဆို အောင်မြင်မှု တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်သွန်းနေစိုး ကလည်း သူကြိုးစားခဲ့တာကို အခုလိုပဲပြောပါတယ်။ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)မှာ မျက်စိအမြင်အာရုံချို့တဲ့သူတွေကို ပညာသင်ကြားပေးတာတွေအပြင် သူတို့တွေရဲ့ ဘ၀ရပ်တည်ရှင်သန်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်တွေအဖြစ် ကြိမ်ဝါးပညာ၊ အနှိပ်ပညာ၊ ခြေသုတ်ခုံပြုလုပ် တဲ့ပညာ၊ ဂီတပညာရပ်တွေကိုပါ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

 

 

Related News