ဇန်န၀ါရီလကုန်ပိုင်းမှာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၊ လသာမြို့နယ်မှာ ရှိတဲ့ တရုတ်တန်းမှာ အရင်နှစ်တွေနဲ့မတူဘဲ ပိုမိုစည်ကားအောင် ကျင်းပသွားဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဇန်န၀ါရီ (၁)ရက်နေ့က ပြုလုပ်တဲ့ တရုတ်ကုန်သည်ကြီးများအသင်း (၁၀၈)နှစ်ပြည့် အခမ်းအနားမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်နှစ်သစ်ကူးကို နှစ်တိုင်းစည်စည်ကားကား ကျင်းပတတ်တဲ့ ဟောင်ကောင်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေလို စည်စည်ကားကားကျင်းပကာ နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ပွဲမျိုးဖြစ်စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့တရုတ်နှစ်သစ်ကူးပွဲတော်ကို အရင်ထက်စည်ကားအောင်ကျင်းပဖို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်က တိုက်တွန်းတာ ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားကို ဇန်န၀ါရီ(၂၈)ရက်ကနေ (၃၀)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ပွဲတော်ရဲ့ပထမနေ့မှာတော့ မဟာဗန္ဓုလလမ်းကို ပိတ်ထားမှာဖြစ်ပြီး ကမ်းနားလမ်းကိုတော့ တစ်ဖက်ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်ကို  တရုတ်ကုန်သည်ကြီးများအသင်းက ဦးစီးပြီး ဖူးကျင့်လူမျိုးများအသင်း၊ ယူနမ်လူမျိုးများအသင်း၊ ကန်တုန်လူမျိုးများအသင်းတို့က ပူးပေါင်းကျင်းပသွားမှာဖြစ်ပါတယ်။    ပွဲတော်ကာလတွင်း(၁၅)ရက်ကို မီးထွန်းပြီးအလှဆင်တာတွေ၊ အဆောက်အဦးတွေကို အလှဆင် တာတွေ ပြုလုပ်မှာဖြစ်သလို ပွဲတော်ရက် (၃)ရက်မှာတော့ တီးဝိုင်းစတိတ်ရှိုးတွေ၊ နဂါးအက၊ ခြင်္သေ့အကတွေ၊ ဘင်ခရာ တီးဝိုင်းတွေ ပါဝင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ဒီလိုတရုတ်နှစ်သစ်ကူးပွဲတော်ကို ပိုမိုစည်ကားအောင် ကျင်းပနိုင်မှုကနေတဆင့် နိုင်ငံခြားသား တွေကို ပိုမိုဆွဲဆောင်နိုင်ပြီး ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ပိုမိုရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

 

Related News