အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာနကစီစဉ်တဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ ပန်းချီပြပွဲကို ဧရာဝဏ်ပန်းချီပြခန်းမှာ ဒီဇင်ဘာလ(၆)ရက်က စတင်ပြီး (၇)ရက်ကြာပြသသွားမယ်လို့ သိရပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီပညာဌာနမှာ ဒုတိယနှစ် ဂုဏ်ထူးတန်းတက်ရောက်နေတဲ့ မောင်အောင်သန်းဌေးဟာ စတုတ္တတန်းကတည်းက ပန်းချီပညာကို စတင်စိတ်ဝင်စားလာခဲ့တာပါ။ ငယ်စဉ်ကတည်းက ကျောင်းတွင်းပန်းချီပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့လည်း သူကပြောပါတယ်။မောင်အောင်သန်းဌေးလို ပန်းချီပညာကို စိတ်ပါဝင်စားလို့ ပန်းချီပညာဌာနမှာ ပညာလာ ရောက်သင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပန်းချီပြပွဲနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံတွေကိုရရှိစေဖို့ရည်ရွယ်ပြီး ခုလို ပန်းချီပြပွဲတွေကို နှစ်စဉ်စီစဉ်ပေးနေတာပါ။

ပန်းချီပညာဌာနအနေနဲ့ အခုလို စုပေါင်းပန်းချီပြပွဲ ပြုလုပ်တာဟာ (၁၁)ကြိမ်မြောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ အခု ပြသမယ့် ပန်းချီပြပွဲမှာတော့ (၂၀၁၅-၂၀၁၆)ပညာသင်နှစ်မှာ ဘွဲ့ရရှိပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ အခုလက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပန်းချီကားတွေကို ပြသသွားမှာဖြစ်ပါတယ်။

Related News