၂၀၁၇ခုနှစ်မဟာသင်္ကြန်ပွဲတော်အတွင်း ရန်ကုန်တိုင်းအတွင်းမှာ ဆောက်လုပ်ခွင့်ပြုလိုက်တဲ့မဏ္ဍပ်တွေနဲ့ ပြည်သူတွေ အပန်းဖြေတဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ချထားပေးသွားမှာဖြစ်တယ်လို့  သိရပါတယ်။ မတ်လ(၂၉)ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မှုခင်းကြိုတင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်ရေးစီမံချက်နဲ့ မီဒီယာတွေကိုတွေ့ဆုံစဉ်မှာ ပြောကြားလိုက် တာပါ။ ၂၀၁၇ ခုနှစ်အတွက် ရန်ကုန်သင်္ကြန်မှာ ခွင့်ပြုမိန့်လျှောက်ထားတဲ့ မဏ္ဍပ်အကြီး၊အလတ်။အသေး စုစုပေါင်း(၆၀)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒီအထဲမှာ ပေ(၁၀၀)အထက်မဏ္ဍပ်အကြီး (၂၂)ခု၊ပေ(၁၀၀)အောက်မဏ္ဍပ်အလတ်(၁၁)ခုနဲ့ ပေ(၅၀)အောက် မဏ္ဍပ်အသေး (၂၇)ခုတို့ဖြစ်ပါတယ်။

ဒီမဏ္ဍပ်တွေအတွက်လုံခြုံရေး ကိုတော့ အရင်ကလုံခြုံရေး ပေးတာထက်(၆၀)ရာခိုင်နှုန်းတိုးမြှင့်သွားမှာဖြစ်ပြီး အရေးပေါ် အခြေအနေဖြစ်ပေါ် ခဲ့ပါက အရန်ရဲတပ်ဖွဲ့အင်အားနဲ့ ထပ်တိုးဖြည့်ပြီး အများပြည်သူ လုံခြုံအောင်ချထားပေးသွားမယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးကပြောပါတယ်။ ဒါ့အပြင် သင်္ကြန်မဏ္ဍပ်တွေသာမက လူစည်ကားရာ နေရာ(၈)နေရာဖြစ်တဲ့ (IBC)၊ အနီး၊ မြကျွန်းသာပန်းခြံ၊ပြည်သူ့ရင်ပြင်၊ကန်တော်ကြီးပန်းကန်လုံးကျွန်း၊ မျှော်စင်ကျွန်း အတွင်း၊ ရွှေထွဋ်တင်ကွင်း၊သုဝဏ္ဏကွင်းနဲ့The One Entertainment Park အစရှိတဲ့နေရာတွေမှာ လည်း ယာယီရဲကင်းတွေချထားပြီး လုံခြုံရေးတိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။အခု(၂၀၁၇)ခုနှစ်အတွက် လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးစီမံချက်တွေကို ပြုလုပ်တာဟာ မဟာသင်္ကြန်ပွဲတော်ကျင်းပစဉ်ကာလအတွင်း လုံခြုံရေးကျိုးပေါက်မှုမရှိစေဘဲ လုံခြုံရေးအပြည့်အ၀ ရရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News