မန္တလေးမှာပါဝင်ယှဉ်ပြိုင်မယ့် သံချပ်များကို စီစစ်ဖြတ်တောက်မည်ဆိုပါက ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ မန္တလေးသံချပ်ယှဉ်ပြိုင်မယ့်အဖွဲ့အချို့က ပြောဆိုတာတွေရှိနေပါတယ်။  အခုနှစ်မန္တလေးမှာသံချပ်ယှဉ်ပြိုင်တဲ့အဖွဲ့တွေ အရင်နှစ်ကထက်ပိုများပြီး သံချပ်ယှဉ်ပြိုင်မယ့် အဖွဲ့(၁၀)ဖွဲ့ ရှိတယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀)ကျော်ကတည်းက သံချပ်ယှဉ်ပြိုင်မှု ရပ်နားခဲ့တဲ့ အဖွဲ့တွေပါ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။ သံချပ်စာသားစီစစ်မယ့် ကော်မတီကိုစာသားပေးပို့ပြီးဖြစ်ပေမယ့် စာသားတွေဖြတ်တောက်မယ်ဆိုရင်တော့ လုံးဝပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုနေတဲ့အဖွဲ့တွေလည်းရှိပါတယ်။ သံချပ်ပြိုင်ပွဲစီစစ်ရေးကော်မတီကတော့ ပြည်ပနိုင်ငံတွေနဲ့ဆက်ဆံရေးပျက်ပြားစေမယ့် အသုံးအနှုန်းတွေ ၊ လူမျိုးရေး၊ ဘာသာရေး ထိခိုက်စေမယ့်အသုံးအနှုန်းတွေ ညစ်ညမ်းစေမယ့် အသုံးအနှုန်းတွေ၊ စတာတွေကို သရုပ်ဖော်တာတွေမပါဝင်စေဖို့ သတင်းစာတွေနေ ကြေညာချက် ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

 လက်ရှိအချိန်မှာတော့ မျိုးဆက်သစ် မန္တလေးသံချပ်အဖွဲ့တွေများလာပြီး ဖျော်ဖြေမှုသက်သက်အဖွဲ့၊ ပြိုင်ပွဲဝင်အဖွဲ့ဆိုပြီး အပြိုင်အဆိုင်ရှိလာတယ်လို့ဆိုပါတယ်။ ပြိုင်ပွဲတွေကိုတော့ အကြို၊ အကျ၊ အကြတ် ၃ ရက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အတက်နေ့မှာဆုရွေးချယ်ချီးမြှင့်သွားမယ်လို့သိရပါတယ်။ ဒီနှစ်မန္တလေးသင်္ကြန်သံချပ်ပြိုင်ပွဲဝင်တွေအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တစ်သင်းကို ငွေကျပ်ငါးသိန်းနဲ့အလှပြယာဉ်တွေမှာ သုံးစွဲရန်အတွက် သစ်(၂)တန်စီ ထောက်ပံ့ ပေးသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲပထမဆုကိုတော့ ငွေကျပ်(၁၀)သိန်း အမြင့်ဆုံး ချီးမြှင့်ပေး သွားမယ်လို့သိရပါတယ်။

 

 

Related News