ဒီနှစ်သင်္ကြန်မှာ ရေကစားသူတွေရဲ့ လုံခြုံရေးအတွက် ဖျော်ဖြေရေးမဏ္ဍပ်တွေအနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ အထူးတင်းကြပ်ထားတယ်လို့ ဖျော်ဖြေရေးမဏ္ဍပ်တာဝန်ယူ တည်ဆောက်သူတွေက ပြောပါတယ်။ ဒီနှစ်သင်္ကြန်မှာ ရေကစားရင်း ဖျော်ဖြေရေးအစီအစဉ်တွေ နားဆင်ကြမယ့်သူတွေအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေကို ပြင်ပကုမ္ပဏီတွေက လုံခြုံရေးဝန်ထမ်းတွေရာနဲ့ချီငှားရမ်းထားသလို စီစီတီဗီကင်မရာတွေကိုလည်း နေရာအနှံ့ တပ်ဆင်ထားပြီး လက်မှတ်တွေကိုလည်း လက်ဗွေစနစ်တွေ ပါဝင်တဲ့ လက်မှတ်တွေကိုသာအသုံးပြုထားတယ်လို့ ဖျော်ဖြေရေးမဏ္ဍပ်တာဝန်ယူတည်ဆောက် သူတွေက ပြောပါတယ်။

 ဒါ့အပြင် ဖျော်ဖြေရေးမဏ္ဍပ်တည်ဆောက်သူတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ စည်းကမ်းချက်တစ်ခုအနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာကို အထူးတင်းကြပ်ခိုင်းထားပြီး လုံခြုံရေးပိုင်း ဆိုင်ရာအတွက် မဏ္ဍပ်တာဝန်ရှိသူတွေက လုံခြုံရေးဆောင်ရွက်မယ့်အခြေအနေတွေကို တိုင်းဒေသကြီး အစိုးရကိုကြိုတင် အကြောင်းကြားစာပေးထားတယ်လို့သိရပါတယ်။ လုံခြုံရေးပိုင်း ဆိုင်ရာအဖြစ်  သက်ဆိုင်ရာမြို့နယ်က အရန်မီးသတ်တပ်ဖွဲ့တွေကိုလည်း အကူအညီတောင်းထား တယ်လို့ သိရပါတယ်။ ယခုနှစ်သင်္ကြန်အတွက် ဖျော်ဖြေရေးမဏ္ဍပ်ဆောက်လုပ်မယ့်သူတွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပါမစ်ကြိုတင်လျှောက်ထားရပြီး ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ အရက်သေစာ သောက်စားပြီး ရေကစားခွင့်မပြုရန် ယဉ်ကျေးမှုနဲ့ဆန့်ကျင်တဲ့အ၀တ်အစားတွေ ၀တ်ဆင်ခြင်း မပြုရန်စတဲ့စည်းကမ်းချက် အချက်ပေါင်း (၄၅)ချက်ခန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။အခုနှစ်သင်္ကြန်အတွက် ဖျော်ဖြေရေးမဏ္ဍပ်တွေကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ မဟာဗန္ဓုလလမ်းအပါအ၀င် မဏ္ဍပ်(၈၂)ခု ဆောက်လုပ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

 

 

Related News