ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မာရသာ(Maarutha)ကြောင့် ရန်ကုန်မြို့မှာ မိုးသည်ထန်းစွာ ရွာသွန်းခဲ့ပေမယ့် မနေ့ကသင်္ကြန်အတက်နေ့ မှာ ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို လူထောင်ချီ ပါဝင်ဆင်နွှဲခဲ့ပါတယ်။၁၉၉၀ ပြည့်နှစ်အလွန် ရေသေနတ်ကိုင်ပြီး ပျော်ပါးခဲ့တဲ့ ငယ်ဘ၀ သင်္ကြန်တွေကို ခေါ်ဆောင်သွားနိုင်တဲ့ ရန်ကုန်လမ်းလျှောက်သင်္ကြန်မှာ လူထောင်ချီ ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။အကုန်အကျနည်းပါးပြီး ရေသေနတ်ရှိရုံနဲ့ ပါဝင်နိုင်တဲ့ လူထုအခြေပြု ယခုနှစ်လမ်းလျှောက်သင်္ကြန်ကို လူငယ် ၁၂ ယောက်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး လူမှုအဖွဲ့အစည်းတွေကပါ ၀ိုင်းဝန်းကူညီခဲ့ပါတယ်။

 ရေပက်ခံထွက်တဲ့ လမ်းကြောင်းမှာ ယာဉ်လမ်းရှင်းပေးတဲ့အဖွဲ့၊ပုဂ္ဂလိကကြက်ခြေနီအဖွဲ့နဲ့ အားဖြည့်အချိုရည်၊ ဓာတ်ဆားတွေဝေပေးတဲ့ ကားတွေ ထားရှိပေးသလို မြို့ထဲရှိ အိမ်တွေက လမ်းလျှောက်သင်္ကြန်မှာ ပါဝင်တဲ့သူတွေကို ရေဖြည့်ခွင့်ပြုတာနဲ့ စတုဒီသာကျွေးတာတွေ ပြုလုပ် ခဲ့ပါတယ်။ ဒါ့အပြင် လမ်းကြောင်းတောက်လျှောက်မှာ ကျကျန်နေခဲ့တဲ့ အမှိုက်တွေကို နာရေးကူညီမှု အသင်းရဲ့ ကိုယ့်အမှိုက်ကိုယ်ရှင်းအဖွဲ့က လူထုနဲ့ လိုက်ပါပြီး အမှိုက်ကောက်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်လမ်းလျှောက်သင်္ကြန်ကို အတက်နေ့ နေ့လည် ၃နာရီကျော်လောက်က နေစတင်ပြီး စုရပ်အနေနဲ့ မဟာဗန္ဓုလပန်းခြံထောင့်ကနေ  ၃၇လမ်းမှ ၃၈လမ်း၊ ကနေ ဆိပ်ကမ်းသာလမ်း ၊ မှ လမ်း၄၀ ကနေ ကုန်သည်လမ်းမှ ဗိုလ်ချုပ်လမ်းထိပ်အထိ ရေပက်ခံကစားထွက်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်လမ်းလျှောက်သင်္ကြန်ကို ၂၀၁၆ ခုနှစ်ကလည်း ပြုလုပ်ခဲ့ပြီး လူဦးရေ ၂၀၀၀ နီးပါး ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ 

 

 

Related News