ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့  မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ရုံ (၁၀၀) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ PARADISO CINEMAS CO.,Ltd  မှ သတ္တမအကြိမ်မြောက် ရုပ်ရှင်ရုံအဖြစ် ရွှေဘိုမြို့မှာ စက်တင်ဘာလ(၁၂)ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယခင်က ရုပ်ရှင်ရုံများရှိသော်လည်း ယခုနောက်ပိုင်းတွင် ရုပ်ရှင်ပြသမှုမရှိခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပါတယ်။ ယခုကဲ့သို့ PARADISO CINEMAS CO.,Ltd မှ ရုပ်ရှင်ရုံ (၁၀၀) စီမံကိန်းကိုအကောင် အထည်ဖော်ပြီး အဆင့်မြင့်ရုပ်ရှင်ရုံတွေ ဖွင့်လှစ်နိုင်ခဲ့သည်ကို ကိုယ်တိုင် ကြည့်ရှုခဲ့ရသည်မှာ အားရကျေနပ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
 
ထို့ပြင် ရုပ်ရှင်ရဲ့ အရသာကို တစ်ကယ်ကြည့်မယ်ဆိုရင် ရုပ်ရှင်ရုံရှိမှ ရုပ်ရှင်ရုံထဲဝင်ကြည့်မှသာ တစ်ကယ် ထိထိရောက်ရောက် ခံစားရမှာဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။ PARADISO (ရွှေဘို) ရုပ်ရှင်ရုံမှာ ပွဲစဉ်များအနေနဲ့  တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁၂း၃၀ ၊ ညနေ ၃း၃၀ ၊ ၆း၃၀ တို့မှာ ပြသမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် များတွင် နံနက် ၉း၃၀ နှင့် လိုအပ်လျှင် ည ၉း၃၀ ပွဲအချိန်များကိုပါ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်ခများအနေနဲ့ (2D) ရုပ်ရှင်များကို ငွေကျပ် ၁၂၀၀ ၊ ၁၇၀၀ ၊ ၂၂၀၀ ၊ ၅၅၀၀ (နှစ်ယောက်ခုံ)တို့ဖြစ်ပြီး (3D) ရုပ်ရှင်များကို ၁၅၀၀ ၊ ၂၀၀၀ ၊ ၂၅၀၀ ၊ ၆၀၀၀ (နှစ်ယောက်ခုံ) တို့နဲ့ သတ်မှတ်ရောင်းချသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
 
 

Related News