(၂၀၁၇)ခုနှစ်အတွက် စာရင်းဝင်ရုပ်ရှင်ဇာတ်ကားများ ပထမအဆင့် စိစစ်အကဲဖြတ်မှုကား (၅၀)အထိ စိစစ်မှုပြီးစီးနေပြီလို့ သိရပါတယ်။ (၂၀၁၇)ခုနှစ်အတွက် စာရင်းဝင်ရုပ်ရှင်ဇာတ်ကား (၅၃)ကားရှိနေပြီး  ဒီဇာတ်ကားတွေကိုတော့ ဇန်န၀ါရီလ (၈)ရက်ကစတင်ပြီး တစ်နေ့ကို (၂)ကားနှုန်းနဲ့ ပထမအဆင့်အဖြစ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်းအတွင်းရှိ  ရုပ်ရှင်ရုံမှာ စတင်စီစစ်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား တွေမှာ စိတ်ကူးစိတ်သန်းကောင်းနဲ့ ရိုက်ကူးထားတာမျိုးမဟုတ်တဲ့ စီးပွားဖြစ်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပါဝင်နေပေမယ့် အရုပ်နဲ့ အသံအရည်အသွေးတွေကတော့ ပိုမိုကောင်းမွန်လာတယ်လို့ အကဲဖြတ်ဒိုင်တွေက မှတ်ချက်ပေးကြပါတယ်။
 
နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို မှီငြမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုတော့ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆုတွေပေးအပ်သွားမှာ မဟုတ်ဘူးလို့သိရပါတယ်။ ဒါ့အပြင် အခြားသော သရုပ်ဆောင်ပိုင်း၊ဓာတ်ပုံ၊ဂီတ၊ တည်းဖြတ်နဲ့ ဇာတ်ညွှန်းဆုများအနေနဲ့လည်း ပုံတူကူးချကြောင်း တွေ့ရှိရင်ပေးအပ်သွားမှာမဟုတ်ဘူးလို့သိရ ပါတယ်။ ဇာတ်ညွှန်းဆုနဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ညွှန်းစာအုပ်မတင်ပြလာရင်လည်း အကဲဖြတ်ပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
 
ရုပ်ရှင်ဇာတ်ကားတွေကို ပထမအဆင့်အနေနဲ့ ဆုစာရင်းဝင်ဇာတ်ကားတွေကိုစိစစ်သွားမှာဖြစ်ပြီး အဲ့ဒီဇာတ်ကားများထဲမှ နောက်တစ်ဆင့်အဖြစ်ဆက်လက် ရွေးချယ်သွားမယ်လို့ သိရပါတယ်။ အကယ်ဒမီစာရင်းဝင်  ဒုတိယအဆင့်ထိရွေးချယ်ခြင်းခံရတဲ့ရုပ်ရှင်ဇာတ်ကား တွေကိုတော့ ထုတ်ဖော်ကြေညာသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်အဆင့်မြှင့်တင်ရေးအတွက် နှစ်တစ်နှစ်အတွင်း အကောင်းဆုံးထူးချွန်ဆု (၁၁)ဆုအပြင် ထူးခြားသောအနုပညာရှင် အတတ်ပညာ ရှင်များ ပေါ်ထွက်လာပါက အထူးဆုကိုပါ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ဒီနှစ်မှာ ရုပ်ရှင်တစ်သက်တာဆိုကိုပါ ထည့်သွင်းပေးအပ်သွားမယ်လို့ သိရပါတယ်။
 
 
 

Related News