မြန်မာနိုင်ငံသတင်းစာဆရာအသင်းက အခုနှစ်မှာ ပေးအပ်မယ့် အမျိုးသားသတင်းဆုတွေ အတွက် စာမူတွေကို မတ်လ(၃၀)ရက်နောက်ဆုံးထားပေးပို့ရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာကျင်းပမယ့် အမျိုးသားသတင်းဆုပေးပွဲမှာတော့ သတင်းသူရဲကောင်းဆု၊ အကောင်းဆုံးသတင်း (News Story)၊ သတင်းဆောင်းပါး၊ အယ်ဒီတာအာဘော်၊ သတင်းဓာတ်ပုံ၊ သတင်းကာတွန်းနဲ့ ရုပ်သံ သတင်းဆုတွေကို ရွေးချယ်မယ်လို့ သိရပါတယ်။

ဒီအမျိုးသားသတင်းဆုနဲ့ ပတ်သက်ပြီး  ရန်ကုန်မြို့ ပန်ဆိုးတန်းအလယ် ဘလောက်မှာရှိတဲ့ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းရုံးခန်းမှာ မတ်လ(၁၇)ရက်က ရှင်းလင်းခဲ့ပါတယ်။ပြီးခဲ့တဲ့၂၀၁၇ ဧပြီလ(၁)ရက်နေ့ကနေ ဒီဇင်ဘာ(၃၀)ရက်နေ့အတွင်း ဖော်ပြတင်ဆက်ခဲ့ တာတွေ ဖြစ်ရမှာဖြစ်ပြီး သက်ဆိုင်ရာ မီဒီယာရဲ့ခွင့်ပြုချက်၊ သက်ဆိုင်မီဒီယာမှာ ဖော်ပြပြီး ဖြစ်ကြောင်း အချက်အလက်တွေနဲ့အတူ စာမူတွေကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို ပေးပို့ရမှာဖြစ်ပါတယ်။ အွန်လိုင်းမီဒီယာတွေအတွက်ကတော့ အခုနှစ်ရွေးချယ်မှုမှာ မပါသေးဘူးလို့ သိရပါတယ်။မှန်ကန်တိကျမှု၊ အကြောင်းအရာထူးခြားမှုအပါအ၀င်ဆုအမျိုးအစားအလိုက် စံသတ်မှတ်ချက် တွေနဲ့ ရွေးချယ်မှာဖြစ်ပြီး သတင်းစာ၊ ဂျာနယ်နဲ့ သတင်းဌာနတွေအနေနဲ့ ဒါမှမဟုတ် သတင်းသမား ကိုယ်တိုင်အနေနဲ့ပေးပို့ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

အမျိုးသားသတင်းဆုတွေကိုတော့ သတင်းစာ ဆရာတွေ၊ ပြင်ပပညာရှင်တွေ၊ အမျိုးသားသတင်းဆုရှင်တွေက စုပေါင်းရွေးချယ်မှာ ဖြစ်ပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေလ(၃)ရက်နေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေနဲ့ အခုလို အမျိုးသားသတင်းဆုတွေကို ၂၀၁၂ခုနှစ်က စပြီး နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ မပြုလုပ်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ပြုလုပ်တဲ့ အမျိုးသားသတင်းဆုပေးပွဲမှာတော့ သတင်းသူရဲကောင်းဆုကို ဟံသာဝတီ ဦးအုန်းကြိုင်၊ အကောင်းဆုံးသတင်းဆောင်းပါးဆုကို ခင်မောင်မြင့်၊ အကောင်းဆုံး သတင်းဓာတ်ပုံ ဆုကို စိုးမိုးအောင်၊ အကောင်းဆုံးကာတွန်းဆုကို မောင်မောင်ကလေးနဲ့ အကောင်းဆုံးရုပ်သံဆုကိုDVBသတင်းဌာနတို့က ရရှိခဲ့ပါတယ်။ 

 

 

Related News