မန္တလေးမြို့တော်မဟာသင်္ကြန်ကျင်းပရေးကော်မတီက ယခုနှစ် မန္တလေးသင်္ကြန်ကိုမနှစ်ကလိုပဲ လမ်းလျှောက် သင်္ကြန်ကို ဆက်လက်ကျင်းပပေးသွားမယ်လို့သိရပါတယ်။ မန္တလေးသင်္ကြန် မှာမနှစ် ကစတင်ကျင်းပတဲ့ လမ်းလျှောက် သင်္ကြန်မှာမသန်စွမ်းသူတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေပါ ပါဝင်ဆင်နွှဲနိုင်ခဲ့တယ်လို့သိရပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ကိုသရုပ်ပျက် သင်္ကြန်မဖြစ်အောင်ဖော်ဆောင်တဲ့အနေနဲ့လမ်းလျှောက် သင်္ကြန်ကိုဒီနှစ်မှာ ဆက်ပြီးကျင်းပတာဖြစ်တယ်လို့လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ ယခုနှစ်မန္တလေးလမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်(၂၆)လမ်းမှာပြုလုပ်သွားမှာပါ။

အခုလက်ရှိမှာတော့ မန္တလေးမြို့တော် ၀န်မဏ္ဍပ်ကို ဆောက်လုပ်နေပြီး ခွင့်ပြုချက်တောင်းထားတဲ့ မဏ္ဍပ်တွေကိုလည်း ခွင့်ပြုချက်ချထားပေးတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဒီနှစ်လမ်းလျှောက်သင်္ကြန်မှာ မြန်မာနိုင်ငံကာတွန်းဆရာအသင်းနဲ့ တွဲဖက်ပြီးဟာသကဲတဲ့ ရေစိုခံ ကာတွန်းတွေ ပြသပေးမယ်လို့လည်း သိရပါတယ်။

ကျုံးတောင်ဘက်လမ်းလျှောက် သင်္ကြန်အပါအ၀င် ကျုံးပတ်လည်မှာ ရေကစားမဏ္ဍပ်တွေနဲ့စတုဒိသာ ကျွေးမွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးသင်္ကြန်ဖွင့်ပွဲအစီအစဉ်ကိုတော့ဧပြီလ(၁၃)ရက် အကြိုနေ့မနက်ပိုင်း မြို့တော်ဝန်မဏ္ဍပ်မှာ ကျောင်းသာကျောင်းသူယိမ်းအကအဖွဲ့၊ မြို့မတူရိယာအသင်းနဲ့ စိန်တင့်လွင် ဆိုင်းဝိုင်းတွေက ပါဝင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ 

 

 

Related News