ခရီးသွားဧည့်သည်တွေ လာရောက်မှုများပြားတဲ့ အင်းဝရှေးဟောင်းနယ်မြေမှာ  ဌာနဆိုင်ရာနဲ့ ပရဟိတအဖွဲ့အစည်းတွေ စုပေါင်းပြီး အမှိုက်ကောက်လှုပ်ရှားမှုကို ဇွန်လ(၁၀)ရက်က ပြုလုပ်ခဲ့ပါတယ်။ ဒီအမှိုက်ကောက်လှုပ်ရှားမှုကို  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနတို့က ဦးဆောင်ပြီး ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်အဖွဲ့အစည်း၊ပရဟိတအသင်းအဖွဲ့နဲ့ ဒေသခံတွေပူးပေါင်း ပါဝင်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရီးသွားဧည့်သည်လာရောက်မှုများပြားတဲ့ အင်းဝဒေသမှာ သန့်ရှင်းသာယာစေဖို့နှင့် ခရီးသွားဧည့်သည်တွေလာရောက်တဲ့ အခါမှာ စိတ်ချမ်းမြေ့စေဖို့ ၊ ခရီးသွားကဏ္ဍရေရှည်တည်တံ့ဖို့ ရည်ရွယ်ပြီး အမှိုက်ကောက်လှုပ်ရှားမှုကို ဆောင်ရွက်ကြတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုကပြောပါတယ်။

ယခုလိုအမှိုက်ကောက်လှုပ်ရှားမှုတွေကို ယခုနှစ်အတွင်း ဆောင်ရွက်တာ ၁၀ကြိမ်ဝန်းကျင်ရှိပြီးဖြစ်ပြီး အခြားထင်ရှားတဲ့ခရီးသွားဒေသတွေမှာလည်း ဆက် လက် လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ အင်းဝဒေသမှာ ပြုလုပ်တဲ့ အမှိုက်ကောက်လှုပ်ရှားမှုမှာ အင်အား ၁၀၀၀ကျော် ပူးပေါင်းပါဝင်လုပ်ဆောင်ကြတယ်လို့သိရပါတယ်။အမှိုက်ကောက်လှုပ်ရှားမှုပြုလုပ်တဲ့ အင်းဝဒေသမှာ ထီးလှိုင်ရှင်စေတီတော်၊ မယ်နုအုတ်ကျောင်း၊ ရန်နှိမ်တံခါး၊ အင်းဝနန်းတော်ရာ၊ ဗားကရာကျောင်း၊ အင်းဝပြတိုက် စတဲ့ ထင်ရှားတဲ့ လေ့လာစရာနေရာတွေတည်ရှိနေပါတယ်။

 

 

Related News