မြန်မာ့ခေတ်လေးခေတ်ကို ပုံဖော်ထားတဲ့ ပန်းချီကို ပုလင်းပန်းချီပညာရှင် ဦးချစ်မြက ပုလင်းအတွင်း ရေးဆွဲနေတာပါ။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ နေထိုင်တဲ့ ပုလင်းပန်းချီပညာရှင် ဦးချစ်မြက ပုလင်းအတွင်းမှာ မြန်မာ့ဓလေ့ဟန်ပါတဲ့ ပုလင်းပန်းချီတွေကို ဖန်တီး ရေးဆွဲနေတဲ့ပညာရှင်တစ်ဦးပါ။ ဦးချစ်မြအနေနဲ့ ယခုလက်ရှိ ပုံမှန်ရေးဆွဲနေတဲ့ ပန်းချီမျိုးမဟုတ်ဘဲ မြန်မာ့ခေတ်လေးခေတ်က ဟန်တွေပါတဲ့ ပန်းချီကို ပုလင်းအတွင်းရေး ဆွဲနေတာဖြစ်ပါတယ်။

လက်ရာအနေနဲ့ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က လူတွေရဲ့ဝတ်စားဆင်ယင်ပုံနဲ့ ဟန်တွေကို ရေးဆွဲနေတယ်လို့ ပုလင်းပန်းချီ ဦးချစ်မြ ကပြောပါတယ်။ ခေတ်လေးခေတ် ပုလင်းပန်းချီကို အမြင့်(၁၆)လက်မနဲ့ လုံးပတ်(၂၉)လက်မ ရှိတဲ့ ဖန်ပုလင်းအတွင်းရေး ဆွဲနေတာဖြစ်ပါတယ်။ ဒီလိုအရွယ်အစားကြီးမားတဲ့ ပုလင်းအတွင်းရေးဆွဲတာကို ပထဆုံးရေးဆွဲတာဖြစ်တယ်လို့သိရပါတယ်။ ရေးဆွဲရာမှာအနုစိတ်အဆင့်လိုက်ပုံဖော်ရေးဆွဲနေရတာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်လ နီးပါး ကြာမြင့်နိုင်တယ်လို့ပြောပါတယ်။

ခေတ်လေးခေတ် အပြင် မြန်မာ့ ၁၂ လရာသီပွဲကိုလည်း ကြီးမားတဲ့ဖန်ပုလင်းအတွင်းရေးဆွဲမှာဖြစ်ပြီး ပုံမှန်အရွယ်အစား ပုလင်း မှာတော့ မုဒြာ ၁၀ မျိုးကိုလည်းရေးဆွဲနေတယ်လို့သိရပါတယ်။ ဦးချစ်မြ ရဲ့ ပုလင်းပန်းချီတွေကို ၂၀၁၄ ခုနှစ်ကစတင်ပြီး ပြည်တွင်း၊ ပြည်ပကလူသိများလာခဲ့တာဖြစ်ပါတယ်။ မန္တလေးမြို့ဝန်းကျင်ကို လာရောက်လည်ပတ်ကြ တဲ့ ကမ္ဘာလှည့်ခရီးသွားတွေက ဦးချစ်မြရဲ့ ပုလင်းပန်းချီပညာ ကို လာရောက်လေ့လာဝယ်ယူကြတယ်လို့သိရပါတယ်။

 

 

 

 

 

 

Related News