အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနဲ့ ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲ ကို ဇွန်လ(၂၅)ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအထက်တန်းကျောင်းမှာပြုလုပ်ခဲ့ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာဖလှယ်မျှဝေပေးတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ အသိပညာပေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်နေပါတယ်။

ဒါ့ကြောင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုက လူငယ်တွေအနေနဲ့ မူးယစ်ဆေးကို မသုံးစွဲမိအောင် အခုလို ကျောင်းတွေမှာ မူးယစ် အသိပညာပေးဟောပြောပွဲတွေကို လိုက်လံဟောပြောပို့ချနေတာဖြစ်တယ်လို့ သိရပါတယ်။ဇွန်လ(၂၆)ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အရှေ့ပိုင်းခရိုင်မှာရှိတဲ့ အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေကို မူးယစ်ဆေးဝါးနှင့် လူငယ်ဘ၀ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲကို ခရိုင်အဆင့်ပြုလုပ်ပေးခဲ့တယ်လို့ အ.ထ.က သုဝဏ္ဏကျောင်းက ကျောင်းအုပ်ဆရာမကြီးကပြောပါတယ်။

စာစီစာကုံးပြိုင်ပွဲကို ဇွန်လပထမအပတ်မှာ ခရိုင်အဆင့်အနေနဲ့ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကျောင်းသားကျောင်းသူတွေကလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သိရှိနားလည်နေကြတာကို တွေ့ရှိရပါတယ်။အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပညာပေးဟောပြောပွဲတွေကို  မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုက နှစ်စဉ်ပြုလုပ်လာတာ ဖြစ်ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်မှာရှိတဲ့ အထက်တန်းအဆင့်နဲ့ အလယ်တန်းအဆင့်ကလေးတွေကို မြို့နယ်အဆင့်နဲ့ ခရိုင်အဆင့်စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ပေးပြီး ဒီနေ့ ဇွန်လ(၂၅)ရက်မှာတော့ ခရိုင်အဆင့်ဆုပေးပွဲကို ပြုလုပ်ပေးတာဖြစ်ပါတယ်။

 

 

 

Related News