ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည်ပြပွဲကို ဇန်န၀ါရီလ (၉)ရက်မှ (၁၃)ရက်အထိ ရန်ကုန်မြိှု့ရှိ Lotte ဟိုတယ်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည်ပြပွဲကို ဒုတိယအကြိမ်မြောက် အဖြစ် ကျင်းပတာဖြစ်ပြီး ရတနာကုန်သည်ပေါင်း (၁၀၁)ဦးက ပြခန်းပေါင်း (၁၃၀)ကျော်နဲ့ ပါဝင်ပြသနေတာဖြစ်ပါတယ်။ ပတ္တမြား၊နီလာ စတဲ့မြန်မာနိုင်ငံကထွက်ရှိတဲ့ ကျောက်မျက်ရတနာမျိုးစုံနဲ့ အချောထည်ပစ္စည်းမျိုးစုံ ကိုပြသထားတယ်လို့သိရပါတယ်။ပြည်တွင်းကျောက်မျက်ရတနာ အချောထည် ဈေးကွက် ပိုမိုကောင်းမွန်လာဖို့ အတွက် အခုလိုပြပွဲကို ဒုတိယအကြိမ်မြောက်အဖြစ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ပြည်ပရတနာကုန်သည်တွေလာရောက်နိုင်ဖို့အတွက်  ပြည်ပနိုင်ငံပေါင်း (၄၄)နိုင်ငံကို ဖိတ်စာပေါင်း (၉၅၀)ပို့ခဲ့ပြီး ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပတ္တမြား၊နီလာ၊ကျောက်စိမ်းစတဲ့ တန်ဖိုးမြင့်ရတနာတွေကို လေလံတင်ရောင်းချသွားမယ့် လေလံပွဲတွေနဲ့အတူ ကျောက်မျက်ပညာရပ်ဆိုင်ရာဟောပြောဆွေးနွေးပွဲတွေကို ဇန်န၀ါရီလ (၁၀)ရက် နဲ့ (၁၁)ရက်တို့မှာ ပြုလုပ်သွားမယ် လို့သိရပါတယ်။လာရောက်ဝယ်ယူသူတွေအတွက် ယုံကြည်စိတ်ချနိုင်အောင် ကျောက်မျက်ရတနာတွေဝယ်ပြီးရင် ကျောက်မျက်ရတနာဓာတ်ခွဲခန်းမှာ ပစ္စည်းကိုစစ်ဆေးနိုင်မှာဖြစ်ပြီး ပစ္စည်းအရည်အသွေးစစ်မှန်ကြောင်း အသိအမှတ်ပြုလက်မှတ်များပါထုတ်ပေးသွားမှာလို့သိရပါတယ်။ပြပွဲကို မည်သူမဆိုပါဝင်တက်ရောက်နိုင်ပြီး ၀င်ခွင့်ပြုလုပ်နိုင်ဖို့ နိုင်ငံသားမှတ်ပုံတင်၊ယာဉ်မောင်းလိုင်စင်(သို့မဟုတ်)ကျောင်းသားကတ်တို့ကို ယူဆောင်သွားရမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News