(၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖေါ်ဝါရီလ (၇) ရက်က မန္တလေးတက္ကသိုလ် အင်းဝဆောင်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။(၁၉၄၇)ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်မှာ ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်းပြီး လူထုကိုယ်စားလှယ်တွေပါဝင်တဲ့ ရှမ်းပြည်နယ်ကောင်စီအဖြစ် ပြောင်းလည်ဖွဲ့စည်းခဲ့တဲ့နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ရှမ်းပြည်နယ်နေ့ကို ပင်လုံမြို့မှာ ရှမ်းစော်ဘွားတွေနဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ သဘောထားအမြင်များ ဆွေးနွေးပြီး အတည်ပြုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မန္တလေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်အနားကိုတော့ ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုဖြစ်စေဖို့နဲ့ လွတ်လပ်ရေးရရဖို့ ထောက်ခံအားပေးခဲ့တဲ့နေ့ အဖြစ် အမှတ်ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ - မန္တလေး) နာယက ဒေါက်တာစိုင်းနော်ခေးက ပြောပါတယ်။

(၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မန္တလေး)က ဦးစီးပြီး ကျင်းပတာ ဖြစ်ပါတယ်။ဒီအခမ်းအနားကို နိုင်ငံတော်အလံနဲ့ ရှမ်းအမျိုးသားအလံ အလေးပြုခြင်းနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ရှမ်းရိုးရာဓားသိုင်းအက၊ ကိန္နရီ ကိန္နရာ အက၊ တိုးနယားအကတွေနဲ့ ဖျော်ဖြေခြင်းတွေအပြင် ရှမ်းရိုးရာဝတ်စားဆင်ယင်မှု ပြသခြင်း၊တက္ကသိုလ်အသီးသီးမှ ရှမ်းတိုင်းရင်းသားကျောင်းသားကျောင်းသူတွေရဲ့ အခြားဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။(၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို မန္တလေးတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ် များ၊ မြို့မိမြို့ဖများ၊ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-မန္တလေး)မှ တာဝန်ရှိသူများနဲ့ ရှမ်းတိုင်းရင်းသားကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

Related News