မြန်မာနိုင်ငံရဲ့ ပထမဆုံးဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ သဘာဝသမိုင်းပြတိုက်မှာ မတ်လ(၃)ရက်က ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့  မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေထဲမှာ ဆင်တွေပါဝင်တာကြောင့် လက်ရှိမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဆင်တွေကို မျိုးသုဉ်းပျောက်ကွယ်မသွားအောင် လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်အဖြစ် ထိန်းသိမ်းစောင့်ရှောက်နေတာပါ။ ပြည်တွင်းမှာတော့ လက်ရှိ တောဆင်ရိုင်းအကောင်ရေ (၂)ထောင်ကျော်နဲ့ ပုဂ္ဂလိကနဲ့ ဌာနပိုင် ဆင်အကောင်ရေဟာ (၄)ထောင်ကျော်သာ ရှိတော့တာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် နောင်တစ်ချိန်မှာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ မြန်မာ့ဆင်တွေရဲ့သမိုင်းအကြောင်းများ၊အလေ့အထများ၊ ဆင်တွေရဲ့အသုံးဝင်ပုံများ၊ ဆင်တွေကို တရားမ၀င်သတ်ဖြတ်မှုများ၊ တရားမ၀င်ရောင်းဝယ်နေမှုများကို ပပျောက်စေရန်နဲ့ ဆင်တွေကို မြတ်နိုးထိန်းသိမ်းလိုစိတ် ဖြစ်ပေါ်လာစေရန်အတွက် ဆင်ပြတိုက်ကို သစ်တောဦးစီးဌာနနဲ့ WWF မြန်မာတို့ပူးပေါင်းပြီး ဖွင့်လှစ်တာဖြစ်တယ်လို့ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။

ဆင်ပြတိုက်ဖွင့်လှစ်ထားတဲ့အခန်းက အကျယ်ဝန်းအနေနဲ့ ပေ(၃၀)၊ပေ(၈၀) နဲ့ အမြင့်(၁၃)ပေရှိပြီး အပိုင်း(၄)ပိုင်းနဲ့ ပြသထားတာဖြစ်ပါတယ်။ ပြတိုက်မှာ ဆင်ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစိတ်များ၊ ဆင်ရိုးစုနဲ့ ဆင်စွယ်များ၊ ဆင်စာအုပ်နဲ့ မှတ်တမ်းများ၊ ဆင်ချပ်ဝတ်တန်ဆာများ၊  ခလောက်၊ ဆူးလိမ်၊ တွဲကြိုး စတဲ့ ဆင်အသုံးဆောင်ပစ္စည်းများ၊ ဆင်သရေများ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်တဲ့ မှတ်တမ်းဓာတ်ပုံများ၊ ဆင်နှင့်သဘာဝပတ်ဝန်းကျင် အပြန်အလှန် အကျိုးပြုမှု ပန်းချီကားများ၊ ရှေးမြန်မာနန်းတွင်းရဲ့ ဆင်အသုံးပြုပုံများ စတာတွေကို ခင်းကျင်း ပြသထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆင်ပြတိုက်ကိုဖွင့်လှစ်ပြီး သုံးလအထိ ပြည်သူတွေကို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပြုသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြတိုက်ကို ရေရှည်ထိန်းသိမ်းနိုင်စေဖို့အတွက် ပြည်သူတွေဆီမှ လှူဒါန်းငွေတွေကို ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ပထမဆုံးဆင်ပြတိုက်ဖွင့်လှစ်တဲ့ အခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့အတူ WWF Myanmar မှ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

 

 

Related News