ပြည်သူလူထုတစ်ရပ်လုံး စားသုံးသူများရသင့်တဲ့ အခွင့်အရေးတွေကို သိရှိစေဖို့ရည်ရွယ်ပြီး “စားသုံးသူများတွင် အခွင့်အရေးများ ရှိသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသားစားသုံးသူ အခွင့်အရေးလှုပ်ရှားမှု Campaign ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။“စားသုံးသူများတွင် အခွင့်အရေးများရှိသည်”ဟူသော ခေါင်းစဉ်နဲ့ အမျိုးသားစားသုံးသူအခွင့်အရေးလှုပ်ရှားမှု Campaign ပြုလုပ်သွားမှာနဲ့ ပတ်သက်ပြီး မတ်လ(၁၂)ရက်က နေပြည်တော်မှာရှိတဲ့ စားသုံးသူရေးရာဦးစီးဌာနခန်းမမှာ မိတ်ဆက်ရှင်းလင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

စားသုံးသူ ရေးရာ ဦးစီးဌာနအနေနဲ့ ယခု Campaign ကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမှာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက လမ်းညွှန် ထားတဲ့ စားသုံးသူအခွင့်အရေးအချက်(၈)ချက်ကို ပြည်သူလူထုမှ သိရှိနားလည်မှုနည်းပါးတာကြောင့် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ယခု Campaign ကြောင့် စားသုံးသူပြည်သူတွေအနေနဲ့  မိမိတို့ရဲ့အခွင့်အရေးတွေကဘာတွေလဲ၊ ဘယ်လိုတွေရရှိမလဲဆိုတာတွေကို ပိုမိုသိရှိလာမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောပါတယ်။

 “စားသုံးသူများတွင်အခွင့်အရေးများရှိသည်”ဟူသောခေါင်းစဉ်နဲ့ အမျိုးသားစားသုံးသူအခွင့်အရေးလှုပ်ရှားမှု Campaign ကို ရက်သတ္တပတ် (၆)ပတ်ကြာပြုလုပ်သွားမှာပါ။အဆိုပါ ရက်သတ္တပတ်(၆)ပတ်တာ ကာလအတွင်း စားသုံးသူတွေအတွက် အသိပညာပေး ဇာတ်လမ်းတိုတွေကို နိုင်ငံပိုင် ရုပ်သံ၊ရေဒီယိုလိုင်းများကနေ ထုတ်လွှင့်ပြသခြင်းတွေနဲ့  Social Media တွေပေါ်မှာပါ Campaign ပြုလုပ်ခြင်းတွေ ဆောင်ရွက်သွား မယ်လို့  သိရပါတယ်။ ဒါ့အပြင် လာမယ့် မတ်လ(၁၅)ရက်မှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာပြုလုပ်သွားမယ့် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့”အခမ်းအနားမှာလဲ အသိပညာပေး Campaign တွေ ပြုလုပ်သွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပြောပါတယ်။

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးလျက်ရှိပြီး စားသုံးသူတွေရဲ့ နစ်နာမှုတွေကို အဓိကထား ဖြေရှင်း ဆောင်ရွက်နေတဲ့  ဌာနတစ်ခု ဖြစ်ပါတယ်။စားသုံးသူပြည်သူတွေအနေနဲ့ နစ်နာမှုများကိုတိုင်ကြားလိုပါကလည်း  စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားတဲ့  စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများမှာ တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားလိုသူတွေအတွက် စားသုံးသူရေးရာဦးစီးဌာနရဲ့ တရားဝင် Website ဖြစ်တဲ့ www.doca.gov.mmမှလည်ကောင်း၊ Application ဖြစ်တဲ့ DOCA Myanmarမှ လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာကနေလည်း တိုင်ကြားနိုင်သလို တယ်လီဖုန်းများနဲ့ ၀၆၇-၃၄၃၀၄၅၉၊ ၀၆၇-၃၄၃၀၄၆၈ လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

 

 

Related News