ဟံသာဝတီဦးဝင်းတင်ရဲ့ (၈၉)နှစ်မြောက်မွေးနေ့ ၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း တည်ထောင်ခြင်း(၇)နှစ်ပြည့်နဲ့ ဖောင်ဒေးရှင်းရဲ့ (၃၆)ကြိမ်မြောက်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ မတ်လ(၁၂)ရက်က ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ နာယကဦးမောင်မောင်ခင် ၊ ယာယီဥက္ကဋ္ဌ  မုံရွာအောင်ရှင်တို့ တက်ရောက်ခဲ့ပါတယ်။ ဟံသာဝတီဦးဝင်းတင်ရဲ့ (၈၉)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရစကားပြောကြားတာနဲ့ကဗျာရွတ်ဆိုတာတွေပြုလုပ်ခဲ့ပြီး ဖောင်ဒေးရှင်းရဲ့ အလှူငွေ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုတစ်ကြိမ်ဟာ ဖောင်ဒေးရှင်းရဲ့ (၃၆)ကြိမ်မြောက် အလှူငွေပေးအပ်ပွဲဖြစ်ပြီး အသက်(၅၀)ကျော် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ၊ ဘ၀တူစာနယ်ဇင်းသမားစုစုပေါင်း(၇)ယောက်အတွက် တစ်ဦးကို(၂)သိန်းနှုန်းနဲ့ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ဖောင်ဒေးရှင်းအနေနဲ့ ၂၀၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ သေဆုံးနိုင်ငံရေးအကျဉ်းသားတစ်ဦး၊ နိုင်ငံရေးအကျဉ်းသား(၁၆၉)ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ဘ၀တူစာနယ်ဇင်းသမား(၆၉၄)ဦး၊ စုစုပေါင်း(၈၆၄)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း(၂၀၀၀)ကျော် ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ ဘ၀တူစာနယ်ဇင်းသမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေအတွက် စေတနာအခမဲ့ ဆေးကုခန်းဖွင့်ထားသလို ပညာရေးထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖောင်ဒေးရှင်းကို တရားဝင်မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

 

 

Related News