သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ နောက်ဆုံးကျန်ရှိခဲ့တဲ့ အသုံးအဆောင်တွေကိုစုပြီး ပြတိုက်အဖြစ် ထားရှိနိုင်ဖို့ မြေနေရာ မရသေးတာကြောင့် လက်ရှိအချိန်တော့ အခန်းတစ်ခုထဲမှာသာ ယာယီသိမ်းဆည်းထားတယ်လို့ သိရပါတယ်။ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းက ခြံနံပါတ်(၁၀) ဒီနေအိမ်လေးဟာ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် နောက်ဆုံးခေါင်းချခဲ့တဲ့နေရာဖြစ်ပါတယ်။ ဟံသာဝတီဦးဝင်းတင်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးဆောင်ရွက်ရင်း နှစ်ပေါင်း(၂၀)၀န်း ကျင် ထောင်ချခံခဲ့ရပြီး ထောင်က ပြန်လွတ်လာပြီးနောက် သေဆုံးချိန်အထိ သူ့မိတ်ဆွေရဲ့ ဒီအိမ်မှာ နောက်ဆုံးနေထိုင်ခဲ့တာဖြစ်ပါတယ်။

ဟံသာဝတီဦးဝင်းတင်ရဲ့မိတ်ဆွေဟာ လက်ရှိမှာ ဆုံးပါးသွားပြီဖြစ်ပြီး ဒီခြံကိုလည်း ရောင်းလိုက်ပြီ ဖြစ်တာကြောင့် ဒီအိမ်မှာရှိတဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ အသုံးအဆောင်တွေကို ရွှေ့ပြောင်းပေးထားရတာ လေးလကျော်ရှိပြီဖြစ်ပါတယ်။သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာမှာ ထောင်ကပြန်လည်လွတ်မြောက်လာပြီးနောက် အင်းစိန်က သူ့မိတ်ဆွေ နေအိမ်မှာ တစ်နှစ်သွားရောက်နေထိုင်ခဲ့ပြီး အခုဒီနေအိမ်မှာတော့ ၂၀၁၀ ကနေ သူမသေဆုံးခင် ၂၀၁၄ခုနှစ်အထိ နေထိုင်ခဲ့တာဖြစ်ပါတယ်။အခုလို ဟံသာဝတီဦးဝင်းတင် နောက်ဆုံးနေထိုင်ခဲ့တဲ့နေအိမ်ရယ် ၊ အသုံးအဆောင်တွေနဲ့ စာပေ၊ ပန်းချီတွေကို ပြတိုက်အဖြစ် စုစည်း ထိန်းသိမ်းထားနိုင်ဖို့ကိုတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လွန်ခဲ့တဲ့(၄)နှစ် ဟံသာဝတီဦးဝင်းတင်ရဲ့ ရက်လည်မှာ အကြံပေးပြောကြား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဟံသာဝတီသတင်းစာရဲ့အယ်ဒီတာချုပ် သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ၂၀၁၄ ဧပြီလ (၂၁)ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၈၅)နှစ်ရှိပြီဖြစ်ပါတယ်။ မကွယ်လွန်ခင် ဟံသာဝတီဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစု ၀င်တွေအတွက် ထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့ပါတယ်။

 

 

Related News