ဒုတိယကြိမ်တက္ကသိုလ်ကျောင်းသားများရုပ်ရှင်ပွဲတော်ကို လာမယ့် ဇူလိုင်လအတွင်း ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဇာခန်းမမှာ ကျင်းပသွားမယ်လို့ မေလ(၂၉)ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါရုပ်ရှင်ပွဲတော်ရဲ့ အကြိုသတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။ တက္ကသိုလ်ကျောင်းသားများရုပ်ရှင်ပွဲတော်ကို ရန်ကုန်တက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်တို့မှာရှိတဲ့ Film Club က ကျောင်းသားများစုပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော်ကို ကျင်းပရတာက တက္ကသိုလ်ကျောင်းသား/သူတွေရဲ့ ဖန်တီးနိုင်စွမ်းကို လူအများသတိပြုလာစေဖို့၊ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ရုပ်ရှင်ဖန်တီးသူတွေကို မွေးထုတ်ပေးနိုင်ဖို့ နဲ့ ၀ါသနာရှင် ကျောင်းသား/ကျောင်းသူတွေ အနေနဲ့ အနုပညာနယ်ပယ်ထဲကို လွယ်ကူစွာဝင်ရောက်နိုင်မယ့် အထောက်အပံ့တစ်ခုဖြစ်စေဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပဖြစ်တယ်လို့သိရပါတယ်။

ဒုတိယကြိမ်တက္ကသိုလ်ကျောင်းသားများ ရုပ်ရှင်ပွဲတော်မှာတော့ ပြည်တွင်းမှာ လက်ရှိ ရှပ်ရှင်ဖန်တီးနေတဲ့ အနုပညာရှင်၊အတတ်ပညာရှင် တွေ ပါဝင်အကဲဖြတ်ပေးမယ့် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲကို ပြည်တွင်းမှာရှိတဲ့ အစိုးရ/ပုဂ္ဂလိက တက္ကသိုလ်ကျောင်းများမှာ တက်ရောက် ပညာသင်ကြားနေတဲ့ မည်သည့်ကျောင်းသားမဆို ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲလျှောက်လွှာဖောင်တွေကို Google Drive က တဆင့် ဇူလိုင်လ(၁၃)ရက် မတိုင်ခင် ပေးပို့ယှဉ်ပြိုင်နိုင်တာဖြစ်ပြီး ယှဉ်ပြိုင်ရမယ့် ရှင်ရှင်ဇာတ်လမ်းတိုတွေရဲ့ ဇာတ်ကားနမူတွေကိုလည်း University Students’s Film Festival အမည်ရှိတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြသပေးသွားမယ်လို့ သိရပါတယ်။တက္ကသိုလ်ကျောင်းသားများရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရှင်ရှင်ဇာတ်လမ်းတိုဆု၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု နဲ့ အကောင်းဆုံးတည်းဖြတ်ဆုတို့ကို ချီးမြှင့်ပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ဆုကြေးမသတ်မှတ်ရသေးဘူးလို့သိရပါတယ်။

 

 

Related News