၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မေလ(၉)ရက်က ရန်ကုန်မြို့၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။အခုကျင်းပခဲ့တဲ့ ကွန်ပျူတာပန်းချီပြိုင်ပွဲက လာမယ့်ဇွန်လ(၂၆)ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု တစ်ခုအနေနဲ့ (၂၂)ကြိမ်မြောက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်တွေသိရှိစေဖို့နဲ့ ပညာပေးတားဆီးနှိမ်နင်းဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကာကွယ်တားဆီးရေးအဖွဲ့က စီစဉ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ကွန်ပျူတာပန်းချီပြိုင်ပွဲမှာ (၂၀၁၉)ခုနှစ်အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်တွေဖြစ်တဲ့ “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ “အပေါင်းအသင်းရွေးချယ်ပါ”၊ “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီး ငြိမ်းသတ်စို့” အစရှိတဲ့ ဆောင်ပုဒ်တွေနဲ့အညီ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ပြိုင်ပွဲကို အခြေခံပညာကျောင်းပေါင်းစုံမှ  အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး စုစုပေါင်း(၄၂)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ လာမယ့်ဇွန်လ (၂၆)ရက်မှာ မူးယစ်ဗဟိုပြတိုက်မှာ ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။အခုပြုလုပ်ခဲ့တဲ့ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြပါတယ်။

 

 

 

Related News