သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)က ကြီးမှူးကျင်းပတဲ့ ရှမ်းစော်ဘွားကြီးများရဲ့ ရှားပါးဝတ်စုံပြပွဲကို ဇွန်လ(၉)ရက်ကစတင်ပြီး ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ပြုလုပ်နေပါတယ်။ရှမ်းစော်ဘွားတွေရဲ့ ရှားပါးဝတ်စုံများပြပွဲမှာတော့ ရှေးခေတ်ရှမ်းစော်ဘွားကြီးများနဲ့ အခြားအဆင့်တွေရဲ့ ၀တ်စုံတွေကို ခင်းကျင်းပြသထားတာဖြစ်ပါတယ်။ အခုလို ပြသရတာက ရှမ်းစော်ဘွားတွေရဲ့ ရှားပါးဝတ်စုံတွေကို နောင်လာမယ့် ခေတ်လူငယ်တွေအထိ ကြည့်ရှုလေ့လာခွင့်ရရှိစေဖို့၊ ပိုမိုကြံ့ခိုင်မှုရှိတဲ့ ခေတ်မီနည်းပညာရပ်များနဲ့ ပိုးမွှားကင်းစင်ပြီး တာရှည်ခံနိုင်အောင် ထိန်းသိမ်းထားနိုင်စေဖို့၊ တိုင်းရင်းသား လူမျိုးအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေဖို့၊ ရိုးရာတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်စေဖို့အပြင် (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်မှာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဆုံးခဲ့ပြီး ညောင်ရွှေယဉ်ကျေးမှုပြတိုက်ကို ပြန်လည်မပို့ဆောင်မီ အများပြည်သူများကြည့်ရှုလေ့လာနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြပွဲမှာတော့ ရှားပါးရှမ်းဝတ်စုံတွေဖြစ်တဲ့ ကတ္တီပါ၊ ဘရိုကိတ်၊ ချည်ထည်၊ ပိုးထည်စတဲ့ အ၀တ်အထည်တွေပေါ်မှာ အလှဆင်ထားတဲ့ ရွှေချည်ထိုး၊ ပန်းထိုးလက်ရာများပါဝင်တဲ့ အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းပေါင်း၊ ဖိနပ်အစရှိတဲ့  ၀တ်စုံ(၃၀)ကို ခင်းကျင်းပြသထားတာဖြစ်ပါတယ်။ရှမ်းစော်ဘွားကြီးများရဲ့ ရှားပါးဝတ်စုံပြပွဲကို ဇွန်လ(၉)ရက်မှ (၁၈)ရက်ထိ ပြသနေတာဖြစ်ပြီး မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ ပြပွဲဖွင့်ပွဲအခမ်းအနားကိုတော့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကြည်မင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သံတမန်အရာရှိကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရးမှူးချုပ်နဲ့ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

 

 

Related News