တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ တိုင်းရင်းသားလူမျိုးစုယဉ်ကျေးမှုအနုပညာသုတေသန အကယ်ဒမီနဲ့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့ ပူးပေါင်းပြုလုပ်တဲ့ ယဉ်ကျေးမှုဖလှယ်ပွဲကို ဇွန်လ (၁၀)ရက်က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။နန်နင်းမြို့မှာ တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလမှာ နှစ်စဉ်ကျင်းပနေတာဖြစ်ပြီး အာဆီယံနိုင်ငံများက လုပ်ငန်းရှင်တွေယဉ်ကျေးမှုအဖွဲ့တွေကလာရောက်လေ့ရှိတယ်လို့ သိရပါတယ်။ ကုန်စည်ပြပွဲနဲ့အတူ ယဉ်ကျေးမှုကပြ ဖျော်ဖြေမှုတွေကိုပါ ပြုလုပ်လေ့ရှိပြီး  ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေနဲ့ သွားရောက်ကာ ယဉ်ကျေးမှုဖလှယ်ကာ ကပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ နန်နင်းမြို့တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုအနုပညာသုတေသန အကယ်ဒမီအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်လာရောက်ကာ ယဉ်ကျေးမှု ဖလှယ်မှုတွေလာရောက်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲကို တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ယဉ်ကျေးမှုဖလှယ်မှု ပိုမိုတိုးမြှင့်စေဖို့၊ အနုပညာရှင် အချင်းချင်း ပိုမိုရင်းနှီးနိုင်စေဖို့နဲ့ အချင်းချင်းချိတ်ဆက်နိုင်စေဖို့ ရည်ရွယ်ပြီးလာရောက်ဖျော်ဖြေခဲ့တာလို့ သိရပါတယ်။ ဒီယဉ်ကျေးမှုဖလှယ်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့ဆိုင်းဝိုင်းတီးခတ်မှု၊ မြန်မာ့ရုပ်သေးအက၊ ကဗျာလွတ် အကတွေကို ကပြဖျော်ဖြေခဲ့ပြီး နန်နင်းမြို့ တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုအနုပညာသုတေသန အကယ်ဒမီအဖွဲ့အနေနဲ့ ရိုးရာသဘင်အကမှာ နာမည်ကျော်ကြားတဲ့ ရိုးရာပန်းကြဲအက၊ ထန်ခေတ်က ဘုရင်မင်းမြတ်နဲ့ မိဖုရား ချစ်သစ္စာကျိန်ဆိုမှုကို ပုံဖော်ထားတဲ့ ပြဇာတ်တို့ကို ကပြဖျော်ဖြေက ယဉ်ကျေးမှုဖလှယ်ခဲ့တယ်လို့သိရပါတယ်။ဒီနှစ်မှာလည်းမြန်မာနိုင်ငံသဘင်အစည်းအရုံးအနေနဲ့  နန်နင်းမြို့ကိုသွားရောက်ပြီး ကျေးလက်အကပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

 

 

Related News