၂၀၂၀ ခုနှစ် ဇန်နဝါရီလ၊ ပုဂံမှာ ကျင်းပသွားမယ့် ပန်းချီပန်းပုနှစ်(၁၀၀)ပြည့်အလွန် အထိမ်းအမှတ်ပြပွဲမှာ ပန်းချီပန်းပုပညာရှင် တစ်ထောင်ကျော် ပါဝင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မြန်မာ့ခေတ်ဆန်းပန်းချီရာပြည့်အလွန် ဂုဏ်ပြုအထိမ်းအမှတ်အနုပညာပြပွဲကိုတော့ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ(၇)ရက်ကနေ (၁၁)ရက် နေ့အထိ မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုနယ်မြေ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပြပွဲအတွက်လက်ရှိမှာတော့ မြောက်ဥက္ကလာပမြို့နယ်က ပန်းချီ၊ ပန်းပု အစည်းအရုံးဝင်တွေနဲ့ ပညာရှင်တွေ ကလည်း ပါဝင်ပြသဖို့အတွက် ကြိုတင်ပြင်ဆင်နေကြပြီး လိုအပ်တဲ့ ပန်းပုထုလုပ်ဖို့အတွက် သစ်တွေကိုလည်း သက်ဆိုင်ရာ ဌာနကို တင်ပြတောင်းခံထားတယ်လို့ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး (မြောက်ဥက္ကလာပမြိုနယ်) အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။ပြပွဲမှာ ပါဝင်ပြသဖို့အတွက် ပန်းချီပန်းပုပညာရှင်တွေကို ဖိတ်ခေါ်နေပြီး ပန်းချီကားအရွယ်အစားကတော့ (၂)ပေ (၃)ပေ ပတ်လည်နဲ့ (၃)ပေ (၄)ပေ ပတ်လည် ရေးဆွဲတင်ပြဖို့ ဖိတ်ခေါ်ထားပြီး ပန်းပုအရွယ်အစားကလည်း (၂)ပေ (၃)ပေ ပတ်လည်နဲ့ (၃)ပေ (၄)ပေပတ်လည်ထုလုပ် ပြသရမှာလည်း ဖြစ်ပါတယ်။

ဒီပြပွဲမှာတော့ တစ်နိုင်ငံလုံးက ပန်းချီပန်းပုပညာရှင်တွေက ပါဝင်ပြသဖို့ရှိနေပြီး အဲ့ဒီ့ထဲကမှာ မကွေးတိုင်း ဒေသကြီးက မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးအဖွဲ့ဝင်တွေကတော့ ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်တယ်လို့ ပန်းချီပညာရှင် သူရိန်မြိုင်က ပြောပါတယ်။မြန်မာ့ခေတ်ဆန်းပန်းချီရာပြည့်အထိမ်းအမှတ် ပန်းချီပန်းပုပြပွဲကြီးကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ရန်ကုန်အမျိုးသားဇာတ်ရုံမှာ ကျင်းပနိုင်ခဲ့ပြီး ပန်းချီပန်းပုပညာရှင် ၇၀၀ နီးပါး ပြသနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုထပ်မံပြုလုပ်သွားမယ့် ရာပြည့်အလွန် ပန်းချီပန်းပုပြပွဲကြီး မှာတော့ ပန်းချီပညာနဲ့ ပန်းပုပညာတွေကို တတ်နိုင်သလောက် ပညာရပ်ဖြန့်ဖြူး တာတွေကို လုပ်ဆောင်ဖို့တွေပါ ရှိနေတယ်လို့ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)မှ  အတွင်းရေးမှူး ဦးနေအောင်ရှု့က ပြောပါတယ်။ ပန်းချီပညာရှင်နဲ့ ပန်းပုပညာရှင်တွေအနေနဲ့ ပြပွဲမှာ ပန်းချီကားတစ်ကားနဲ့ ပန်းပုရုပ်တစ်ရုပ်စီပါဝင်ပြသပေးကြဖို့အတွက် တိုက်တွန်းထားပြီး ပါဝင်ပြသလိုသူများအနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးတွေမှာ သွားရောက် မေးမြန်းစုံးစမ်းနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြပွဲမှာ သရုပ်ပြရေးဆွဲတာတွေပါ လုပ်ဆောင်ဖို့ ပြင်ဆင်ထား တယ်လို့ သိရပါတယ်။

 

 

Related News