မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့လူနာတွေအတွက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူတွေ စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ(၂၇)ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ ရွှေသိမ်တော်မြတ်စွာဘုရား၊ဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။အခုလို လှူဒါန်း ရတာဟာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးအပါအဝင် အခြားဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ လူနာတွေ အတွက်လိုအပ်တဲ့သွေးရရှိပြီးအရေးပေါ်ကုသအသက်ဆက်နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာလို့သွေးလှူရှင်အသင်းများကွန်ရက်(မန္တလေး)မှ နာယကဆရာတော်ဦးသုမနက ပြောပါတယ်။အခုပြုလုပ်ခဲ့တဲ့ စုပေါင်းသွေးလှူဒါန်းပွဲမှာကျောက်ဆည်တက္ကသိုလ်၊ကျောက်ဆည်နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ရတနာပုံတက္ကသိုလ်၊မန္တလာဒီဂရီကောလိပ်စတဲ့ကျောင်းပေါင်းစုံကကျောင်း သားကျောင်းသူ (၅၀၀) ဝန်းကျင် ပါဝင်သွေးလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

အခုလိုသွေးလှူဒါန်းတာဟာ အခြားသူတွေ ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်ပေးတာဖြစ်တဲ့အတွက် မွန်မြတ်တဲ့သွေးဒါနအလှူတစ်ခုဖြစ်တယ်လို့ သွေးလှူဒါန်းသူတွေက ပြောပါတယ်။တက္ကသိုလ်ကျောင်းပေါင်းစုံ ကျောင်းသားကျောင်းသူများ စုပေါင်းသွေးလှူဒါန်းပွဲကို မန္တလေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူများ၊ သွေးလှူရှင်အသင်းများကွန်ရက်(မန္တလေး)မှ သွေးလှူရှင်အသင်းများ၊ တက္ကသိုလ်အသီးသီးက တာဝန်ရှိသူများ နဲ့ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

 

 

Related News