မြန်မာနိုင်ငံမှာ ကလေးငယ် ၁ ဒဿမ ၆ သန်းဟာ ပုညှက်နေပြီး အချိုးချလိုက်ရင် အသက်(၅)နှစ် အောက် ကလေး(၃)ဦးမှာ တစ်ဦးကျော် ပုညှက်နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။ ကျေးလက်နေ ကလေးငယ်တွေက ပိုပြီး ပုညှက်နေရာမှာ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာပိုပြီး အဖြစ်များနေတယ်လို့ ဆိုပါတယ်။အာဟာရ လုံလုံလောက်လောက် မရတာနဲ့  မကြာခဏ ဖျားနာတာတွေကြောင့် အရပ်ပုပြီး ခန္ဓာကိုယ် သေးညှက်တာတွေ ဖြစ်နေတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန နဲ့ စစ်တမ်းပူးပေါင်း ထုတ်ပြန်တဲ့ Save The Children တာဝန်ရှိသူတဦးကပြောပါတယ်။  ဒါ့အပြင် ကိုယ်ဝန်ဆောင် ချိန်ကနေ ကလေးအသက် ၂ နှစ်ပြည့်တဲ့အထိ ကနဦး ရက် ၁၀၀၀ ဟာလည်း ကလေးငယ်ကြီးထွားမှုအတွက် အဆုံးအဖြတ် ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ ရက် ၁၀၀၀ အတွင်း မိခင်အပါအ၀င် ကလေးငယ် ပြုစုပျိုးထောင်မှုဟာ အရေးကြီး တယ်လို့ သုံးသပ်ပြပါတယ်။

အရပ်ပုပြီး ခန္ဓာကိုယ်သေးညှက်တာတွေမဖြစ်အောင် သနေ်္ဓသားဘ၀ကတည်းက လိုအပ်တဲ့ အာဟာရနဲ့ ဆေးဝါးတွေသောက်သုံးဖို့ လိုမယ်လို့လည်း ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။ ဒါ့အပြင် ကလေးငယ်ရဲ့ ကိုယ်ခံအားမြင့်တက်ဖို့နဲ့ ရောဂါအပေါ် ခုခံကာကွယ်နိုင်ဖို့ မွေးဖွားပြီးချိန်မှာ မိခင်ရဲ့နို့ဦးရည် တိုက်ကျွေးဖို့လည်း တိုက်တွန်းထားပါတယ်။ကလေးငယ်တွေ ပုညှက်တာမဖြစ်အောင် ကနဦးရက် (၁၀၀၀)ကို ဂရုစိုက် ပြုစုစောင့်ရှောက် ပေးနိုင်ရေး အစီအစဉ်အတွက် Save the Children ကနေ သရုပ်ဆောင် သက်မွန်မြင့်ကို သံတမန်အဖြစ် ခန့်အပ်ထားပါတယ်။  အောက်တိုဘာလ(၂၇)ရက်ကစပြီး Facebookု  စာမျက်နှာက တဆင့် အများပြည်သူ နှိုးဆော် အသိပေးတာတွေ ပုံမှန် တင်ပေးသွားမယ်လို့လည်း သိရပါတယ်။ အဲ့ဒီအစီအစဉ်ကိုတော့  Save the Children    နဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပူးပေါင်း စီစဉ်တာလည်း ဖြစ်ပါတယ်။

 

 

Related News