ဇီကာရောဂါထိန်းချုပ်ကာကွယ်နှိမ်နင်းရေးအတွက်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းတွေ၊ မြို့နယ်တွေကကုသရေးဦးစီးဌာနမှူးတွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ ပူးပေါင်းပြီး အောက်တိုဘာလ ၂၉ ရက်က ဆွေးနွေး ခဲ့ပါတယ်။ ရန်ကုန်မှာ နေထိုင်နေတဲ့နိုင်ငံခြားသူတစ်ဦးဆီမှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း  အစိုးရက အောက်တိုဘာလ (၂၇)ရက်က အတည်ပြုထုတ်ပြန်ထားပါတယ်။အခုတော့ ဇီကာရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဘာတွေလုပ်ဆောင်ကြမလဲဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အဆင့်ဆင့်ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲလုပ်နေကြတာပါ။

တက်ရောက်ကြတဲ့ မြို့နယ်ကျန်းမာရေးဦးစီးမှူးတွေကတော့ ဇီကာဗိုင်းရပ်စ်သယ်ဆောင်နိုင်တဲ့  ခြင်ကျားနဲ့ ပိုးလောက်လန်း နှိမ်နင်းရေးကို စီမံချက်ချမှတ်ဆောင်ရွက်သွားမယ်လို့ ဒီဆွေးနွေးပွဲမှာ ပြောသွားကြပါတယ်။ ပြည်သူတွေကို ဇီကာရောဂါနဲ့ ပတ်သက်လို့ တပ်လှန့်သတိပေးဖို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက အကြံပြုတောင်းဆိုကြပေမယ့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မြင့်တက်မှာစိုးလို့ သာမန်သတိပေးမှုတွေ ပြုလုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။အခုလက်ရှိမှာတော့ အဆိုပါဇီကာဗိုင်းရပ်စ် ကူးစက်ခံ ထားရတဲ့ နိုင်ငံခြားသူ နေထိုင်ခဲ့တဲ့ စမ်းချောင်းမြို့နယ်တစ်ဝိုက်နဲ့ သူသွားရောက်လည်ပတ်ခဲ့တဲ့ ငွေဆောင်ကမ်းခြေမှာ ခြင်ကျား၊ နဲ့ ပိုးလောက်လန်း နှိမ်နင်းရေးတွေကို အဓိကပြုလုပ်နေတယ်လို့ သိရပါတယ်။

 

Related News