မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းအော်တစ်ဇင် ကလေးတွေဟာ တခြားသာမန် ကလေးတွေနဲ့ အခွင့်အရေး တန်းတူရဖို့ အခက်အခဲရှိနေဆဲဖြစ်ပြီး ခွဲခြားဆက်ဆံတာတွေဟာ လူမှုဝန်းကျင်မှာ အမြစ်တွယ်သလို ဖြစ်နေတယ်လို့ အော်တစ်ဇင်ကလေးမိဘတွေ အပါအဝင် မြန်မာနိုင်ငံအော် တစ်ဇင်အသင်းက သုံးသပ်ပြောဆိုလိုက်ပါတယ်။ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်တဲ့ မောင်စိုင်းလုံဟာ အခုဆိုရင်  အသက်(၁၇)နှစ်အရွယ် အရွယ် ရောက်လာပါပြီ။မိဘတွေအနေနဲ့ သူ့ကို အော်တစ်ဇင်ကလေးအဖြစ် အသက်(၇)နှစ်အရွယ်မှာ သိရှိခဲ့လို့ ပြုစုပျိုးထောင်မှုကို အဘက်ဘက်က ကြိုးစားခဲ့တယ်လို့ပြောပါတယ်။

ဒါပေမဲ့ လူ့အသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် အော်တစ်ဇင်ကလေး တစ်ယောက်ဘဝဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်ဖို့ဟာ ထင်သလောက်မလွယ်လှပါဘူး။ မောင်စိုင်းလုံဟာ ရေကူးကစားနည်းကို စနစ်တကျ  သင်ကြားခဲ့သလို  ဒီနှစ်ထဲမှာပဲ ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ အော်တစ်ဇင်ကလေး ရေကူးကစားပွဲမှာ တတိယဆုရထားပါတယ်။မောင်စိုင်းလုံကို ရေကူးကစားနည်းသင်ပေးရာမှာ အစပိုင်းမှာတော့ အခက်အခဲ  ရှိပေမယ့် အခုတော့ သင်ကြားရတာလွယ်ကူနေပြီလို့ သူ့ရဲ့နည်းပြက ပြောပါတယ်။

ဒါ့အပြင် မောင်စိုင်းလုံ ဖခင်အနေနဲ့လည်း အော်တစ်ဇင်ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ အခက်အခဲရှိပေမယ့် အခုဆိုရင်တော့ သူ့ကလေးအတွက် ရေကူးကစားနည်းဟာ ဘဝရည်မှန်းချက်တစ်ခု ရလာပြီလို့  ဆိုပါတယ်။ကလေးမိဘတွေ အနေနဲ့ အော်တစ်ဇင်ကလေးတွေကို  အိမ်ထဲမှာချည်းမထားပဲ  ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရအောင် လုပ်ဖို့လည်း အော်တစ်ဇင်အသင်းက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် အားကစားနည်းတစ်ခုခုသင်ပေးဖို့ လိုသလို ဒါဟာ  ကလေးဘဝ အတွက် စိတ်ခွန်အားတင်မက ဘဝပန်းတိုင်ဖြစ်တယ်လို့လည်း အော်တစ်ဇင်အသင်း ဒုဥက္ကဌက အခုလို သုံးသပ်ပြပါတယ်။

Related News