H1N1ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ဖို့ ရောဂါဖြစ်နေသူတွေ၊ တုပ်ကွေးလက်္ခဏာ ခံစားနေရသူတွေ ကိုယ်တိုင် နှာခေါင်းစည်းတပ်မှသာ ထိရောက်မှာဖြစ်တယ်လို့ သြဂုတ်လ ၄ရက်က မြန်မာနိုင်ငံဆရာဝန်အသင်းမှာ ပြုလုပ်တဲ့ H1N1 ရောဂါဆွေးနွေးပွဲမှာ ပါမောက္ခဒေါက်တာဝင်းနိုင်က ပြောပါတယ်။
 
ယခုကာလမှာ တုပ်ကွေးရောဂါကူးစက်ခံရပါက နှစ်ရက်အတွင်းရောဂါလက္ခဏာပြသပြီး ငါးရက်ကနေ ခုနစ်ရက်အတွင်း တုပ်ကွေးဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်မှာ ရှိနိုင်သေးတာကြောင့် ရောဂါဖြစ်ပွားနေသူမှ  ရောဂါမပျံ့ပွားရေးနဲ့ ကိုယ်တိုင်ကာကွယ်ဖို့ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးကိုသွားဖို့ ရှောင်တာတွေ လက်ဆေးတာတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
 
တုပ်ကွေးရောဂါကူးစက်ခံစားရသူ နှာချေ၊ချောင်းဆိုးရင်ထွက်လာတဲ့ အမှုန်အမွှားတွေက ၃ပေကနေ ၅ပေအထိရောက်ပြီး ပျံ့နှံ့ကူးစက်နိုင်တာကြောင့် တုပ်ကွေးလက္ခဏာရှိသူတွေကိုယ်တိုင် ဆေးဘက်သုံးနှာခေါင်းစည်းတွေ မဖြစ်မနေတပ်ဆင်မှသာ ရောဂါထပ်ဆင့်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ N-95 ကာကွယ်ရေးသုံးနှာခေါင်းစည်းတွေ ကတော့ အမှုန်အမွှားတွေကို 5 Microns အထိ စစ်ထုတ်ပေးတဲ့ပုံစံကြောင့် အသက်ရှူဖို့ ခက်ခဲပြီး တုပ်ကွေးလူနာတွေကို ကိုင်တွယ်ကုသ ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ တပ်ဆင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။
 
ဇူလိုင်လ ၂၄ရက် ကနေ သြဂုတ်လ ၅ရက် အထိ တစ်နိုင်ငံလုံးမှာ ရာသီတုပ်ကွေး H1N1 ရောဂါကူးစက်ခံစားရသူ (၁၃၅)ဦးရှိလာပြီး သေဆုံးသူ(၁၄)ဦးအထိ ရှိလာတာကြောင့် ရောဂါကာကွယ်တဲ့အနေနဲ့ လူစုလူဝေးရှိတဲ့ နေရာအများစုမှာ နှာခေါင်းစည်းတပ်ဆင်ပြီး သွားလာသူတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ 
 
 

Related News