ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း အတည်ပြုထုတ်ပြန်တဲ့ ဇူလိုင်လ ၂၁ရက်ကနေမနေ့က သြဂုတ်လ ၉ရက်အထိ  စုစုပေါင်း ၁၉ ရက်မှာ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာပြီဖြစ်တယ်လို့ သြဂုတ်လ ၉ ရက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်အမှတ်စဉ် ၁၇ အရသိရပါတယ်။
 
တစ်နိုင်ငံလုံးမှာ ရာသီတုပ်ကွေး H1N1ရောဂါကူးစက်ခံစားရသူ အတည်ပြုလူနာ ၁၈၀ ကျော်ရှိလာပြီး ပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်ကုသနေသူ ၄၇၀ ကျော်ရှိနေပြီလို့ သိရပါတယ်။ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လွှဲပြောင်း H1N1 လူနာတွေကို လက်ခံကုသပေးနေပြီး ယခုအချိန်ထိ လူနာ ၁၁ ဦးကို စောင့်ကြပ်ကြည့်ရှုဆဲ ဖြစ်ပါတယ်။ ရောဂါသက်သာတာကြောင့် ဝေဘာဂီအထူးကုဆေးရုံကြီးကနေ ဆေးရုံဆင်းသူဦးရေကတော့ ၁၅ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။
 
ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ချင်း၊ နေပြည်တော်၊ မန္တလေးနဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့နေပြီး အရေးပေါ်ဖွဲ့စည်းထားတဲ့ ရာသီတုပ်ကွေးရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့က ရောဂါထိန်းချုပ်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ 
 
 
 

Related News