ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သြဂုတ်လ ၁၅ရက်မှာ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အရ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူလူနာနှစ်ဦးထပ်တိုးခဲ့ပြီး တစ်နိုင်ငံလုံးမှာ ရာသီတုပ်ကွေး H1N1  ရောဂါကြောင့်သေဆုံးလူနာ ၂၅ဦးအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။
 
သြဂုတ်လ ၁၅ရက်မှာ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ရရှိထားတဲ့ ထုတ်ပြန်ချက်အရ ရာသီတုပ်ကွေးရောဂါကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းနှစ်ဦး ထပ်တိုးသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့သူတွေကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တို့မှ ဖြစ်တယ်လို့ သိရပါတယ်။
 
တစ်နိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါ H1N1  ကြောင့်သေဆုံးလူနာ ၂၅ ဦးအထိ ထပ်တိုးလာခဲ့ပြီး H1N1  ပိုးတွေ့လူနာကတော့ ၂၄၂ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေပြတဲ့ ဇယားမှာ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်သာ ရာသီတုပ်ကွေး H1N1  ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့သူ လူနာနဲ့သေဆုံးသူတွေ မရှိသေးတာဖြစ်ပါတယ်။
 
တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ဖြစ်ပွားသေဆုံးမှုတွေရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက ဖြစ်ပွားသေဆုံးမှုမြင့်တက်နေတဲ့ ဒေသတွေဖြစ်တယ်လို့သိရပါတယ်။ 
 

Related News