မြန်မာနိုင်ငံမှာ ဆေးရွက်ကြီးထွက်ပစ္စည်း မျိုးစုံပါတဲ့ ကွမ်းယာစားသုံးမှုဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ ဒီလိုသုံးစွဲမှုတွေကို လျှော့ချနိုင်ဖို့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီအစဉ် တွေကနေ ပညာပေးအစီအစဉ်တွေကို ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်ဆောင်နေပါပြီ။ ကွမ်းယာနဲ့ဆေးရွက်ကြီးထွက်ပစ်္စည်းများ သုံးစွဲမှုထိန်းချုပ်နိုင်အောင် ရုပ်သံမီဒီယာကနေ လူထုလှုံ့ဆော်မှု တစ်ရပ်ကို စက်တင်ဘာလ ၁၁ရက်ကစပြီး ပြုလုပ်နေပါပြီ။  ဒီအစီအစဉ်က ကွမ်းယာကို ရေရှည်စားသုံးခဲ့တဲ့ ခံတွင်းကင်ဆာခံစားနေရသူတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး အစစ်အမှန်တွေကို ဖော်ထုတ်ပြသတဲ့ စက္ကန့် ၃၀ ကျော် ဗီဒီယိုပြကွက်တစ်ခု ဖြစ်ပါတယ်။ နောင်တမရအောင် ကွမ်းယာရှောင်ဆိုတဲ့ ပညာပေးအစီအစဉ်ကို လူကြည့်ရှုမှုနှုန်းများတဲ့ ရုပ်သံမီဒီယာနဲ့ ရေဒီယိုလိုင်းတွေမှာ ထုတ်လွှင့်ခဲ့တာကြောင့် ကြည့်ရှုနားထောင်မိသူ ကွမ်းယာ စားသုံးသူတွေက ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတော့ ......

ကွမ်းယာစားသုံးမှုကြောင့် ခံတွင်းကင်ဆာဖြစ်နေတဲ့ လူနာတွေရဲ့ အတွေ့အကြုံတွေနဲ့ ပညာပေးတဲ့ ရုပ်သံအစီအစဉ်ကို အမျိုးသားစီမံကိန်းတစ်ရပ်အနေနဲ့ တစ်လခွဲကြာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်ပါတယ်။ လက်တွေ့ခံစားရသူတွေပါဝင်တဲ့ ဒီရုပ်သံအစီအစဉ်က အိန္ဒိယ၊ အင်ဒိုးနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုလျော့ကျအောင် ရုပ်သံမီဒီယာအသုံးပြုပညာပေးတာက ကုန်ကျစရိတ်နဲ့ ပြည်သူလူထု ဘက်က တုံ့ပြန်မှုအချိုးညီပြီး အကျိုးရှိတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ အမေရိကန်Vital Strategies အဖွဲ့ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ 

ပြည်တွင်းမှာ ဆေးရွက်ကြီးထွက် ပစ္စည်းပါဝင်တဲ့ ကွမ်းယာစားသုံးမှုလျော့ကျဖို့ ရုပ်သံမီဒီယာ အသုံးပြုပညာပေးတာ ပထမဆုံးဖြစ်ပါတယ်။ ခံတွင်းကင်ဆာဖြစ်နိုင်တဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေကို အသက် ၁၅နှစ်ကနေ ၃၉နှစ်အရွယ် လူငယ်၃၀ ရာခိုင်နှုန်းကျော် သုံးစွဲနေကြပြီး မြန်မာပြည်သူ ၇ သန်းကျော်ဟာ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါဝင်တဲ့ ကွမ်းယာကို နေ့စဉ်သုံးစွဲနေကြကာ ဆေးရွက်ကြီးကြောင့် သေဆုံးသူဟာလည်း နှစ်စဉ် ၆ သောင်း ကျော်ရှိနေတယ်လို့ သုတေသနစစ်တမ်းတွေအရ သိရပါတယ်။ 

 

Related News