ယခု စီမံချက်ကာလနဲ့ ထိုးနှံပေးနေတဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အသိအမှတ်ပြု ကာကွယ်ဆေး ဖြစ်တာကြောင့် မြန်မာနိုင်ငံပြည်သူတွေ ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်တယ်လို့ WHO မြန်မာဌာနေ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါက ဗိုင်းရပ်စ်သယ်ဆောင်တဲ့ Culex(ကျူးလပ်)ခြင် အကိုက်ခံရတာ ကနေ ကူးစက်ဖြစ်ပွားပြီး ကုသရန်ဆေးဝါးမရှိသလို ရောဂါကူးစက်ခံရသူတွေထဲက ၃၀ ရာခိုင်နှုန်းက သေဆုံးပြီး ၃၀ ရာခိုင်နှုန်းက ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဂျပန်ဦးနှောက်ရောင် ရောဂါကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးနှံတာက အကောင်းဆုံးကုသနည်းဖြစ်ပြီး ယခုစီမံချက်နဲ့ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိမှတ်ပြုထားတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေအပြင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေမှာပါ  အသုံးပြုနေဆဲဖြစ်တဲ့ ကာကွယ်ဆေးလို့သိရပါတယ်။ ကာကွယ်ဆေးထိုးနှံခဲ့တဲ့ လူတစ်သန်းမှာ တစ်ယောက်သာ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာဖြစ်နိုင်ပြီး ဘေးထွက်ဆိုးကျိုးနည်းတဲ့ ကာကွယ်ဆေး ဖြစ်တယ်လို့ပြောပါတယ်။
 
ယခု ၂၀၁၇ နှစ်ကုန်ပိုင်း နိုဝင်ဘာမှာ ကျောင်းအခြေပြုနဲ့ ဒီဇင်ဘာမှာ ပြည်သူလူထု အခြေပြုဆိုပြီး ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံတဲ့လုပ်ငန်းကို နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေမှာ နိုဝင်ဘာလ ၁၅ရက်က ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီး နိုဝင်ဘာလ ၁၇ ရက်အထိ ကျောင်းနေကလေး သုံးသန်းကျော်ကို ထိုးနှံပေးပြီးဖြစ်တယ်လို့သိရပါတယ်။ ကာကွယ်ဆေးထိုးလုပ်ငန်းမှာ အမှားအယွင်းမရှိစေဖို့ ကာကွယ်ဆေးမထိုးခင် စစ်ဆေးတာနဲ့ ထိုးနှံပြီးအခြေအနေကို နာရီဝက်စောင့်ကြည့်တာတွေ လုပ်ဆောင် ပေးနေပြီး ကာကွယ်ဆေးနဲ့ဆက်စပ်တဲ့ ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့ AEFI Management ကော်မတီအဖွဲ့ထားရှိပြီး သတင်းအမှန်ပြန်ကြားရေးတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။  ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလကစပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသက်ကိုးလအရွယ်ကလေးတွေကို ထိုးနှံပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အသက်ငါးနှစ်ကနေ တစ်ဆယ့်ငါးနှစ်အရွယ်ကလေးတွေ အဖြစ်များတဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါကို ကာကွယ်တားဆီးနိုင်ဖို့ ယခုလို နိုင်ငံတော်အစိုးရကနေ အစုလိုက် ကာကွယ်ဆေးထိုးစီမံချက်နဲ့ ထိုးနှံပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News