လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ ၂၀၁၇ နှစ်ဆန်းပိုင်းကစပြီး တက်ရောက်ကုသသူ လူနာဦးရေ မြင့်တက်လာတယ်လို့ သိရပါတယ်။ ကုတင် ၂၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့် တင်ထားပြီး ကုသဆောင်တွေ ထပ်တိုးချဲ့ထားတဲ့အတွက် ဆေးရုံကြီးကနေ လက်ခံကုသနိုင်တဲ့ လူနာဦးရေမြင့်တက်လာတာဖြစ်ပါတယ်။
 
ယခု ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကစပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသတဲ့ လူနာဦးရေ မြင့်တက်နေပြီး တစ်နေ့ကို ပြင်ပလူနာ အယောက် ၁၈၀ နီးပါး လာရောက်ပြသ ကုသနေပြီး  အတွင်းလူနာ ၂၀၀ ကျော်ကိုလည်း လက်ခံကုသပေးနေတယ်လို့ သိရပါတယ်။၂၀၁၆ ခုနှစ် ဒီဇင်ဘာလကစပြီး ကုတင် ၂၀၀ ဆံ့ဆေးရုံကြီးအဖြစ် ပြုပြင်မွမ်းမံနေပြီး အထူးကုဘာသာရပ်တွေဖြစ်တဲ့ သားဖွားမီးယပ်၊ ကလေးအထူးကု၊ အထွေထွေရောဂါကု ဌာန၊  အရိုးကုသအဆောင်၊ မျက်စိကုသအဆောင်၊ ခွဲစိတ်ကုသအဆောင်တွေ ထပ်တိုးချဲ့ဖွင့်လှစ်ထား တာကြောင့် တက်ရောက်ကုသသူ လူနာဦးရေတွေမြင့်တက်လာတယ်လို့ လှိုင်သာယာ ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။
 
ဒီနှစ်ထဲမှာပဲ တီဘီဆေးကုသဆောင်နဲ့ ART (အေအာရ်တီ) ဆေးပေးခန်းတွေ ဖွင့်လှစ်ထားပေး တယ်လို့ သိရပါတယ်။အထွေထွေပြင်ပလူနာဌာနမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ကုသနိုင်ရန် ရုံးချိန်အတိုင်း ဖွင့်လှစ်ပေးထားပြီး အရေးပေါ်လူနာဌာနကိုတော့ ၂၄နာရီ ဖွင့်လှစ်ပေးထားပါတယ်။ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံဝန်ထမ်း ၁၅၀ ကျော်ရှိပြီး ၀န်ထမ်းတွေ ထပ်တိုးခန့်ထားဖို့လေးခန်းတွဲ လေးထပ်နဲ့ ရှစ်ခန်းတွဲ လေးထပ် ၀န်ထမ်းအိမ်ရာ သစ်တွေ ဆောက်လုပ်ဖို့ လျာထားဆဲလို့ သိရပါတယ်။
 
ရန်ကုန်မြို့တွင်း ပြည်သူ့ဆေးရုံတွေကို အဆင့်မြှင့်တင်တဲ့ လုပ်ငန်းကို ယခု ၂၀၁၇ ခုနှစ်အစပိုင်း တည်းက ဆောင်ရွက်နေပြီး လှိုင်သာယာပြည်သူ့ဆေးရုံကြီးကိုလည်း ကုတင် ၂၀၀ ဆံ့ကနေ ကုတင် ၅၀၀ ဆံ့ဆေးရုံအထိ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ 
 

Related News