ကျောင်းအခြေပြု ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေဆဲ ကာလအတွင်း သေဆုံးခဲ့တဲ့ ကလေး သုံးဦးက အခြားရောဂါအခံတွေကြောင့် သေဆုံးခဲ့တာ ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် သေဆုံးခဲ့တာမဟုတ်ဘူး လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက် ညဆယ်နာရီနောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ 
 
ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပြီး သေဆုံးခဲ့တဲ့ ကလေးတွေက ကာကွယ်ဆေးရဲ့ အကျိုးဆက်တွေကြောင့် သေဆုံးခဲ့တာ ဟုတ်၊ မဟုတ် ဆိုတာကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ ကလေး အထူးကုဆရာဝန်ကြီးတွေ ၊ မှုခင်းဆရာဝန်တွေအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)ကတာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ 
ကျောင်းအခြေပြု ကာကွယ်ဆေးထိုး လုပ်ငန်း စတင်တဲ့ ဒုတိယမြောက်နေ့ နိုဝင်ဘာ ၁၆ ရက်မှာပဲ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှ အသက် (၁၃) နှစ် အရွယ် သတ္တမတန်းကျောင်းသူ တစ်ဦး ကာကွယ်ဆေးထိုးနှံခဲ့ပြီး နောက်ပိုင်း အသက်ရှူရင်း အသံမြည်လာတာ ၊ ခေါင်းမူးတာ စတဲ့ လက္ခဏာတွေ စတင်ဖြစ်ပွားခဲ့ပြီး နှုတ်ခမ်းပြာနှမ်းတာနဲ့ သွေးပေါင်ချိန်ကျတာတွေ ထပ်ပြီး ဖြစ်ပေါ်ကာ လိုအပ်တဲ့ကုသမှုတွေ ပေးခဲ့ပေမယ့် ကာကွယ်ဆေးထိုးပြီး (၇) နာရီခန့်အကြာမှာ သေဆုံးခဲ့ပါတယ်။ သေဆုံးမှုအပြီး သုံးရက်အကြာ နိုဝင်ဘာ ၁၉ ရက်ကစပြီး နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ကာကွယ်ဆေးရဲ့ အရည်အသွေး၊ အအေးလမ်းကြောင်းနဲ့ ဆေးထိုးနှံတဲ့ နည်းစနစ်တွေ စနစ်ကျ မှန်ကန်တာကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ သေဆုံးပြီးနောက် ကလေးရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးတဲ့ ရလဒ်တွေအပြင် အသားစ စစ်ဆေးချက်တွေ အရ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ရင် ဖြစ်ပေါ်တတ်တဲ့ ပြောင်းလဲမှုတွေကို မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ 
 
ရောဂါဗေဒဆိုင်ရာ စစ်ဆေးချက်တွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သုံးသပ်ချက်အရ သေဆုံးခဲ့တဲ့ သတ္တမတန်းကျောင်းသူရဲ့အဆုတ်မှာ ကာလအတော်ကြာ ရောင်ရမ်းနေတဲ့ လက္ခဏာတွေ တွေ့ရှိရပြီး ငယ်စဉ်ကတည်းက လေပြွန်ရောင်တဲ့ရောဂါ ရှိတယ်လို့ သိရပါတယ်။ ဒီလို ရောဂါအခံ ရှိတာကြောင့် ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း လေပြွန် ရုတ်တရက်ကျဉ်းတဲ့ လက္ခဏာတွေ ပြင်းထန်အဆင့် ဖြစ်ပေါ်ခဲ့ပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးခဲ့ပေမဲ့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ 
 
ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာ ကာကွယ်ဆေးထိုးပြီးနောက် (၂) ရက်အကြာနဲ့ (၃) ရက်အကြာမှာ ပထမတန်းကျောင်းသားတစ်ဦးနဲ့ စတုတ္ထတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 
 
စုံစမ်းစစ်ဆေးချက်တွေအရ အခြားဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း၊ နှလုံးနဲ့ ကျောက်ကပ်ထိခိုက်ပြီး သေဆုံးတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလို သေဆုံးမှုတွေရှိနေတာကြောင့် ဒီဇင်ဘာ ၁၁ရက်မှာ ထပ်မံ ထိုးနှံပေးမယ့် ပြည်သူလူထုအခြေပြု ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေးထိုးအစီအစဉ်ကို ပိုမိုစိတ်ချရတဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဖြစ်စေဖို့ ကာကွယ်ဆေးမထိုးသင့်တဲ အခြေအနေနဲ့ ရောဂါလက္ခဏာတွေကို ကာကွယ်ဆေးမထိုးမီ စစ်ဆေးပေးတာနဲ့ ကာကွယ်ဆေး မထိုးသင့်တဲ့ အခြေအနေကို မိဘတွေနဲ့ တိုင်ပင်ဆွေးနွေးသွားမယ် လို့ သိရပါတယ်။
 
ကာကွယ်ဆေး မထိုးသင့်တဲ့ သတင်းအချက်အလက်တွေပါတဲ့ ဗီနိုင်းပိုစတာတွေ ချိတ်ဆွဲပေးတာ၊ မိဘတွေ သိလိုတဲ့ အချက်အလက်တွေကို ဖြေကြားပေးမယ့် အမေးအဖြေကဏ္ဍကို ပိုမိုကျယ်ပြန့်စွာအသိပေးထုတ်ပြန်တာနဲ့ ကာကွယ်ဆေးထိုးပြီး တစ်နာရီ စောင့်ကြည့်တာတွေကို ထပ်မံ အားဖြည့်ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ နိုဝင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်အတွင်း တစ်နိုင်ငံလုံးက ကျောင်းနေကလေး ရှစ်သန်းကျော်ကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး လွှမ်းခြုံမှုရှိခဲ့တယ်လို့ သိရပါတယ်။ 
 
 

Related News