ဒီဇင်ဘာလ(၁)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့  (World AIDS Day 2017) အထိမ်းအမှတ် အဖြစ်ပြုလုပ်တဲ့ သရုပ်ဖော်ပြိုင်ပွဲကို ဒီဇင်ဘာလ(၃)ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီးစတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အခမ်းအနားကိုတက်ရောက်လာတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကတာဝန်ရှိသူတွေက အမှာစကားများဆက်လက်ပြောကြားခဲ့ပါတယ်။
 
အခုလိုသရုပ်ဖော်ပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန၊UNAIDS၊ လူမှုရေးကွန်ယက် အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပူးပေါင်းပြီးပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ ဒီသရုပ်ဖော်ပြိုင်ပွဲကို “လူတိုင်းရဲ့ကျန်းမာရေး၊ တူညီအခွင့်အရေးဆောင်ကြဉ်းပေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်တာဖြစ်ပြီး ပြိုင်ပွဲဝင်အဖွဲ့ပေါင်း(၁၀)ဖွဲ့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာအကောင်းဆုံး အဖွဲ့ (၅)ဖွဲ့ကို ရွေးချယ်သတ်မှတ်ပြီးဆုများချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။
 
သရုပ်ဖော်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သူတွေဟာ ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါအကြောင်းကို ယနေ့ခေတ်လူငယ်တွေဗဟုသုတရရှိစေပြီး ဆိုးကျိုးတွေကိုကြိုတင်ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
 
အဆိုပါ World AIDS Day  နဲ့ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၃၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလှုပ်ရှားမှုတွေကိုလုပ်ဆောင်နိုင်ဖို့ရည်မှန်းထားပြီး HIV, TB, အသည်းရောင်အသားဝါရောဂါစတဲ့ ကူးစက်ရောဂါတွေကိုလျော့ချတိုက်ဖျက်ရေးအတွက် လုပ်ဆောင် သွားဖို့နဲ့ HIV  ဝေဒနာရှင် တိုင်းဆေးကုသမှု အလွယ်တကူ ရရှိနိုင်ဖို့ လုပ်ဆောင်သွား မယ်လို့လည်းသိရပါတယ်။ 
 
 

Related News