မြန်မာ့တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးတွေကို ခေတ်မီပစ်္စည်းကိရိယာတွေ၊ ခေတ်မီ နည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး စံချိန်စံညွှန်းတွေကို ဖော်ထုတ်ကာ နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက် လာအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။ 
 
ဇန်န၀ါရီလ၁၂ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗစ်ရှင်းဗဟိုဌာန-၂ (MICC-2)မှာ ပြုလုပ်ခဲ့တဲ့ ၁၈ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ မှာ အဖွင့်မိန့်ခွန်းပြောကြားစဉ် ဒုတိယသမ်္မတက ထည့်သွင်း ပြောကြားခဲ့တာပါ။ 
 
မြန်မာ့တိုင်းရင်း ဆေးပညာနဲ့ အစွမ်း အာနိသင်ထက်တဲ့ မြန်မာ့တိုင်းရင်းဆေးဝါးတွေကို နိုင်ငံတကာ အသိအမှတ်ပြု အောင်မြင်ကျော်ကြားလာစေဖို့နဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အသိဥာဏ် ပစ္စည်းမူ ပိုင်ခွင့်ရရှိရေးတို့ကိုလဲ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ ဒုတိယသမ္မတက တိုက်တွန်းခဲ့ပါတယ်။ 
 
နိုင်ငံတော်အစိုးရအနေနဲ့လည်း မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းဆေး ဆေးပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ တိုင်းရင်းဆေးသမားတော်ကြီးတွေနဲ့ မပျောက်ကွယ်ဖို့ လုပ်ဆောင်လျက်ရှိပြီး တိမ်မြုပ် ပျောက်ကွယ်နေတဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ ပေ၊ ပုရပိုက်တွေနဲ့ဆေးကျမ်းတွေ အစွမ်းထက်တဲ့ ဆေးဝါးတွေနဲ့ ဆေးဖက်ဝင်ပရဆေးပင်တွေ အပါအ၀င်သဘာဝသယံဇာတတွေကို ပြန်လည်ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 
 
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကပြုလုပ်ခဲ့တဲ့ နှီးနှောဖလှယ်ပွဲမှာ အဆိုပြုခဲ့တဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်း၂၆ခုကို နိုင်ငံတော်ဘတ်ဂျတ်နဲ့ ဆောင်ရွက်ဖို့စီစဉ်ထားပြီး ပြီလို့လဲ သိရပါတယ်။မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ပြီးခဲ့တဲ့၂၀၀၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ကာ ယခုနှစ်မှာတော့ ၁၈ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ဒုတိယ၀န်ကြီးတွေအပါအ၀င် တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီးတွေ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးပုဂ်္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။ 
 
 
 
 

Related News